မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီများကို ပညာရှင်များနှင့် ပူးပေါင်းဖွဲ့စည်းမည်ဟုဆို

မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီများကို ပညာရှင်များနှင့် ပူးပေါင်းဖွဲ့စည်းမည်ဟုဆို
ဒုတိယအကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီ အဖွဲ့များကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြင်ပ ပညာရှင်များ ပူးပေါင်း ဖွဲ့စည်းသွားမည်ဟု မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက မွန်သတင်းအေဂျင်စီ သို့ ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရုံးခန်းမ၌  မတ်လ ၁၅ ရက်နေ့က မွန်သတင်းအေဂျင်စီ သွားရောက်မေးမြန်းစဉ်တွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက “လွှတ်တော်က ရေးရာကော်မတီဖွဲ့ဖို့ကလည်း ဒီရေးရာကော်မတီမှာ ပါဝင်မယ့် ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ အဲဒါကို အန်တီတို့က စိစစ်တယ်၊ သူတို့ရဲ့ သဘောတူညီချက်ယူတယ်၊ သူတို့က သဘောတူပြီးမှ အန်တီတို့က သေသေချာချာ စိစိစစ်စစ်နဲ့ ရွေးချယ်တယ်၊ နောက်ပြီးတော့ ရေးရာကော်မတီဆိုတာကလည်း အင်မတန် အရေးကြီးတယ်၊ သူတို့ရဲ့ စိတ်ပါလက်ပါ ဆောင်ရွက်မယ်ဆိုမှ အန်တီတို့က အဲသလို လူပုဂ္ဂိုလ်ကို ယူမယ်၊ ပညာရှင်တွေယူမယ်၊ အန်တီတို့ လွှတ်တော်ကိုယ်စားလှယ် နဲ့ပေါင်းပြီး တော့ ဖွဲ့မှာပေါ့” ဟု ပြောသည်။

ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို လာမည့် မတ်လ တတိယပတ်တွင် ကျင်းပသွားရန်ရှိပြီး သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးဌာနများ ထွက်ပေါ်ပြီးလျှင် လွှတ်တော်တွင် အတည်ပြုသွားမည်ဖြစ်ကြောင်းနှင့် ရေးရာကော်မတီကိုလည်း လွှတ်တော်တွင် တစ်ဆက်တည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဆက်ပြောသည်။

ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါက်တာ အောင်နိုင်ဦးက “လွှတ်တော်ကိုယ်စားလှယ် ၁၀ ယောက်လောက်ရှိတဲ့ အမြင်လောက်ပဲ ယူမယ်ဆိုရင် အမှန်တရားဘက်က နည်းလာမယ်၊  ဒါကြောင့် လွှတ်တော်ပြင်ပမှာရှိနေတဲ့ ကဏ္ဍအသီးသီးက ပညာရှင်တွေ၊ ပြောရမယ်ဆိုရင် အမြင်ကျယ်တဲ့ တဲ့သူတွေလည်း ပါဝင်သင့်တယ်၊ အဲသလို ပါဝင်လာမှ ဥပဒေရေးဆွဲတဲ့နေရာ၊ ဆွေးနွေးတဲ့နေရာမှာ အမှားနည်းလာမယ်လို့ ကျနော်မြင်တယ်၊ ဒါကြောင့် ပြင်ပက ပညာရှင်တွေလည်း ပါဝင်သင့်တယ် ” ဟု ပြော သည်။

ရေးရာကော်မတီဖွဲ့စည်းရာတွင် ဥပဒေကြမ်းကော်မတီက အဓိက အရေးကြီးဆုံးဖြစ်ကြောင်း၊ ကဏ္ဍ အသီးသီးက ပညာရှင်တွေ ပါဝင်သင့်ကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်းမှာလည်း တိုင်းရင်းသား ရေးရာကော်မတီ၏ လှုပ်ရှားမှုအားနည်းချက်များ ရှိနေကြောင်း သူက သုံးသပ်ပြောကြား လိုက်သည်။

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် ဥပဒေပြုရေးရာကော်မတီ၊ တိုင်းရင်းသား ရေးရာကော်မတီ၊ လွှတ်တော်ကိုယ်စား လှယ်များ စိစစ်ရေးကော်မတီ၊ အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ၊ အဆို ဥပဒေ မေးခွန်းများ အကောင်အထည် ဖော်မှု လေ့လာသုံးသပ်ရေး ကော်မတီ ဆိုပြီး အဖွဲ့ငါးဖွဲ့ ရှိခဲ့ကြောင်း နှင့် ကော်မတီအဖွဲ့တစ်ခုချင်းစီမှာ လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့်သာ ဖွဲ့စည်းထားကြောင်း သိရသည်။

ဆက်လက်ဖွဲ့စည်းမည့် လွှတ်တော်ရေးရာကော်မတီတွင် စီးပွားရေးစီမံကိန်းရေးရာကော်မတီတစ်ရပ် ထပ်မံတိုးချဲ့ဖွဲ့စည်းရန် ရည်ရွယ်ထားသည်ဟုလည်း လွှတ်တော်တော်ဥက္ကဋ္ဌသစ်က ပြောကြားခဲ့သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့) အစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့က မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပခဲ့သည်။

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...