ဒေသခံများ၏ဆန္ဒမပါသည့်ဖာလိန်ဒေသစီမံကိန်းများ မလုပ်သင့်ဟု မွန်လူမှုရေးအဖွဲ့အစည်းများပြော

ဒေသခံများ၏ဆန္ဒမပါသည့်ဖာလိန်ဒေသစီမံကိန်းများ မလုပ်သင့်ဟု မွန်လူမှုရေးအဖွဲ့အစည်းများပြော
မွန်ပြည်နယ်၊ ရေးမြို့ အနောက်မြောက်ဘက် အံဒင်ကျေးရွာအုပ်စုအတွင်းရှိ ဖာလိန်ဒေသ၌ တည်ဆောက်မည့် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး မွန်ပြည်နယ် လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)တို့ အနေဖြင့် ဒေသခံများ၏ ဆန္ဒမပါဘဲ ဖာလိန် ဒေသတွင် ပြုလုပ်မည့် စီမံကိန်းများကို မလုပ်သင့်ဟု မွန်လူမှုရေးအဖွဲ့အစည်းများက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် မတ် ၉ ရက်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊Orchid Hotel တွင် ပြုလုပ်ခဲ့သော ဖာလိန်ဒေသ၏ သယံဇာတ ကြွယ်ဝပုံနှင့်လူမှုစီးပွားဖြစ်ထွန်းပုံ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်းပွဲ၌ မွန်ပြည်နယ်လူမှုအဖွဲ ့အစည်းများက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်ကဆော့မွန်က “ဒီစက်ရုံကို တည်ဆောက်ရင် ပြဿနာတွေ ပေါ်ပေါက်လာနိုင်တယ်၊ ဒေသခံ ပြည်သူတွေ စိုးရိမ်နေကြတယ်။ စွမ်းအင်နဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီကလည်း ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ စီမံကိန်းကို လုပ်တာဟာ မှားယွင်းတယ်လို့ ယူဆပါတယ်၊ ဒါကြောင့် ဒေသခံ အသံကို သိရှိအောင် မေးမြန်းသင့်ပါတယ်၊ အခုလည်း ဒေသခံ တွေက ဒီစီမံကိန်းကို ကန့်ကွက်နေကြပါတယ်။ဒါကြောင့် ဒါကို ဆက်မလုပ်သင့်ပါဘူး”ဟု ပြောသည်။

အဆိုပါ စီမံကိန်း နှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်၊စက်တင်ဘာ ၅ ရက်တွင် မွန်ပြည်နယ်အစိုးရက တိုယိုထိုင်း ကုမ္ပဏီအား စီမံကိန်းဖြစ်နိုင်ချေလေ့လာမှု ဆက်လက်မပြုလုပ်ရန် အကြောင်းကြားစာ တစ်စောင်ကို မော်လမြိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ခဲ့ကာ အကြောင်းကြားခဲ့သည်ဟု သိရသည်။

အံဒင်လူငယ်အဖွဲ့မှ မိနန္ဒအောင်က “အဲဒီ စီမံကိန်းလုပ်မယ် ဒေသမှာ ကျွန်မတို့ သုတေသနအစီရင်ခံစာ သွားကောက်ခဲ့တယ်။ဖာလိန်ဒေသမှာ စိုက် ပျိုးမြေ(၃၈၅၈)ဧကရှိတယ်။အဓိက သူတို့ သီးနှံစိုက်ခင်းတွေကနေ ဝင်ငွေရကြသလို ကွမ်းသီးခြံတွေကနေ လည်း နှစ်စဉ်ဝင်ငွေရကြတယ်။ ငါးဖမ်းလုပ်ငန်းတွေလုပ်ကြတယ်။ပြီးရင် ငှက်မျိုးစိတ်တွေ၊ အခြား သတ္တဝါမျိုးစိတ် တွေကိုလည်း အစီရင်ခံစာ ကောက်ယူနိုင်ခဲ့တယ်။ဒီတော့ ဒီစီမံကိန်းကြီးသာ လုပ်လိုက်ရင် ဒေသခံတွေအတွက် အရမ်းကို ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကြီးကို မလုပ်သင့်ပါဘူး”ဟု ပြောသည်။

ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံး စီမံကိန်း တည်ဆောက်မည့် ဖာလိန်ဒေသတွင် အံဒင် ကျေးရွာ၊ နှစ်ကရုပ်ကျေးရွာ၊ အံဒင်ရွာသစ်ကျေးရွာ၊ နှီးနှူကျေးရွာ၊ သာဂရံကျေးရွာ၊ ပလိုင်သိမ်ကျေးရွာ၊ ရေပေါ်သောင်ကျေးရွာ စသည့် ကျေးရွာ ရ ရွာ တည်ရှိပြီး အိမ်ခြေစုစုပေါင်း ၁၅၉၀ ရှိကြောင်း အံဒင်လူငယ်အဖွဲ့ က ဆိုသည်။

ယင်းကျေးရွာ ရ ရွာမှ ဒေသခံများသည် ပင်လယ်ပြင်၊ မြစ်ချောင်းအင်းအိုင်များ၊ လယ်ကွင်းလယ်ကွက်များ၊ ရွံညွန်ပြင်များ နှင့် ဒီရေတောများတွင် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသလို ကွမ်းသီးခြံလုပ်ငနး်များ၊ သစ်သီး ခြံလုပ်ငန်းများ၊ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိကြောင်း အံဒင်လူငယ်အဖွဲ့၏ ဖာလိန်ဒေသ သယံဇာတကြွယ်ဝပုံနှင့်လူမှုစီးပွားဖြစ်ထွန်းပုံ သုတေသနအစီအရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အံဒင်ရွာသစ် နှင့် နှစ်ကရုပ်ကျေးရွာမှ ငါးဖမ်းလုပ်ငန်း၏ အနည်းဆုံးနှစ်စဉ်ဝင်ငွေသည် ကျပ်သိန်းပေါင်း (သုံးသောင်း နှစ်ထောင် ခြောက်ရာ သုံးဆယ် လေးသိန်း)ရှိပြီး လယ်ကွင်း လယ်ကွက်များသည် (၁၈၉၃)ဧက ရှိသည့် အနက် တစ်နှစ်လျှင် အနည်းဆုံး စပါးတင်းပေါင်း (၇၂၉၃၈)ထုတ်လုပ်နိုင်ရာ နှစ်စဉ်ဝင်ငွေမှာ ကျပ်သိန်း ပေါင်း( ငါးရာ တစ်ဆယ့် ငါးသိန်း ခြောက်သောင်း ခြောက်ထောင်-၅၁၀၅၆၆၀၀၀)ရှိကြောင်း၊၂၀၁၄ -၁၅ ခုနှစ် အတွက် ကွမ်းသီးခြံလုပ်ငန်း၊ သစ်သီးခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့်ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းများမှ ရရှိသော ဝင်ငွေသည် ကျပ်သိန်းပေါင်း(၇ သောင်း နှစ်ထောင် လေးရာ လေးသိန်း ကိုးသောင်း ကိုးထောင် ခြောက်ရာ ငါး ဆယ့်-၇၂၄၀၄၉၉၆၅၀)ရှိကြောင်း၊ဖာလိန်ဒေသတွင် ငါးမျိုးစိတ်(၁၃၈)စိတ်၊အခြားရေးသတ္တဝါမျိုးစိတ်(၂၉)စိတ်၊ ငှက်မျိုးစိတ်(၇၇)စိတ်၊ဂဏန်းမျိုးစိတ်(၁၁)စိတ်၊ဒီရေတောအပင်မျိုးစိတ်(၁၉)စိတ်နှင့် သစ်သီးအမျိုးအစား(၂၆)မျိုး တို့ရှိကြောင်း အံဒင်လူငယ်အဖွဲ့၏ သုတေသနအစီအရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်၊ဧပြီ ၉ ရက်တွင် ဒေသခံရွာသူ/သား ၄၀၀ ကျော်သည် ရေးလူမှုအကျိုးဆောင်အဖွဲ့ နှင့် လာရောက်ပူးပေါင်းပြီ ကျောက်မီးသွေးစီမံကိန်းကို ဆက်လက်မပြုလုပ်ရန် ကန့်ကွက်ကြောင်း ရေးမြို့၌ စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြကြောင်း အံဒင်လူငယ်အဖွဲ့ထံမှ သိရသည်။

 ၂၀၁၄ ခုနှစ် ၊ဧပြီ ၂၅ ရက်က တိုယိုထိုင်းကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်လွှတ်တော်ကိုယ်စားလှယ်များသည် အံဒင်ဒေသခံများနှင့်လာရောက်တွေ့ဆုံကာ ၎င်းတို့ ကျေးရွာအနီးတွင် ၁၂၈၀ မီဂါဝပ် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်သွား မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...