မွန်ပြည်နယ်၏ ပထမဆုံးသရဲအိမ်ကစားကွင်း မုတ္တမတွင် ဖွင့်မည်

မွန်ပြည်နယ်၏ ပထမဆုံးသရဲအိမ်ကစားကွင်း မုတ္တမတွင် ဖွင့်မည်
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ၊ မေတ္တာမွန်လမ်း (ဘူတာဟောင်းလမ်း)တွင် ရှိသော Family World ကလေးကစားကွင်းတွင် မွန်ပြည်နယ်၏ ပထမဆုံး သရဲခြောက်သောအိမ်ကစားကွင်းကို မေလ ၂၃ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါကလေးကစားကွင်း၏ တာဝန်ခံမန်နေဂျာ ဦးကျော်ခိုင်ဝင်းက ပြောကြားသည်။

“သရဲအိမ်တွေမှာ အခန်းပေါင်းနှစ်ဆယ်လောက်ပါမယ်။ အဝင်မှာဆို တံခါးအဖွင့်အပိတ် သရဲခြောက်နေတဲ့ ပုံစံလုပ်ထားမယ်။ ကလေးတွေအတွက် လူငယ်တွေအတွက် ပျော်ရွှင်စိတ်လှုပ်ရှားစရာတွေ ပါမယ်”ဟု ၎င်းကဆိုသည်။

Family World ကလေးကစားကွင်းမှာ ဝင်ကြေးအခမဲ့ဖြစ်ပြီး သရဲခြောက်သောအိမ်တွင်  ဝင်ရောက်ကစားပါက ဝင်ကြေး ၁၀၀၀ ကျပ်
ပေးရမည်ဖြစ်ကြောင်း Family World ကလေးကစားကွင်းထံမှ သိရသည်။

“မူကြိုကျောင်းက ကလေးတွေကို ကျောင်းကဆရာမတွေ Family World ကလေးကစားကွင်းကို ပို့လာရင် ကလေးဆိုတော့ သူ့ အမေက ပိုက်ဆံပေးချင်မှ ပေးလိုက်မယ်။ ကလေးအမေက ပိုက်ဆံပေးရင်တောင်မှ တစ်ထောင်ကျပ်ဆို ကုန်သွားမယ်။ အဲဒါကြောင့် ကလေးတွေ အုပ်စုလိုက်လာရင် စျေးနှုန်းကိုလျှော့ပေးမယ်”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

Family World ကလေးကစားကွင်းကိုု ၂၀၁၄ ခုနှစ်တွင် ပေါင်မြို့နယ်ရှိ မုတ္တမတွင် စတင်ဖွင့်လှစ်ထားပြီး ရေကူးကန်၊ တိုက်ကား၊ လျှပ်စစ်ရထား၊ ကလေးကစားဂိမ်းများ၊ ပျော့အိကစားကွင်းအပြင် လူကြီးများအတွက် ကျန်းမာရေးအနှိပ်ခန်းများလည်းပါရှိကြောင်း အဆိုပါကစားကွင်းထံမှသိရသည်။

Most read this week