အစိုးရတားမြစ်မှုကြားက လူထု ငြိမ်းချမ်းရေးပညာပေး ရှေ့ဆက်တိုးမည်

အစိုးရတားမြစ်မှုကြားက လူထု ငြိမ်းချမ်းရေးပညာပေး ရှေ့ဆက်တိုးမည်
by -
ကန္တာရဝတီတိုင်း(မ်)
ဆွေးနွေးပွဲအချို့သည် ခေါင်းစဉ်နှင့်မကိုက်ညီဘဲ နိုင်ငံတော်မှတားမြစ်ထားသည့် ဒို့တာဝန်အရေးသုံးပါး ကိစ္စရပ်များအား ဆက်စပ်ထိပါးလာမှုများ ရှိခဲ့ဖူးသည့်အတွက်ကြောင့် ကယားပြည်နယ်က “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲ ဖိုရမ်အား ကျင်းပခွင့် ပိတ်ပင်လိုက်တာဖြစ်နိုင်ကြောင်း ပြည်နယ်တာဝန်ရှိသူကပြောသည်။

ငြိမ်းချမ်းရေး ဖိုရမ်ကျင်းပခွင့်ပိတ်ပင်လိုက်သည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးအား ကန္တာရဝတီတိုင်း(မ်)မှ ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လှည်ဖြေကြားခြင်းမရှိခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေအား ဖေဖေါ်ဝါရီ ၂၅ရက်နေ့က ဆက်သွယ်မေးမြန်းခွင့်ရခဲ့ရာ ယခုလိုရှင်းပြသွားသည်။

“ကန့်ကွက်တယ်လို့တော့ ကျနော်တို့က ဂဃနဏတော့ မသိဘူးပေါ့၊ တစ်ချို့ အရင်တုန်းက ဖြစ်စဉ်လေးတွေ ဘာရှိလဲဆိုရင်တော့ တစ်ချို့ဖြစ်စဉ်ပေါ့နော်။ အဖွဲ့အစည်းတွေက Peace Forum မျိုးလုပ်မယ်ဆိုပြီးတော့မှ ပြောတယ်။ တကယ့်တကယ်လုပ်တဲ့အခါကျတော့ နိုင်ငံတော်က တားမြစ်ထားတဲ့ ဒို့တာဝန်အရေး(၃)ပါးတွေ ကိစ္စတို့ အခြားခေါင်းစဉ်နဲ့ သူတင်ပြတဲ့ ခေါင်းစဉ်နဲ့ မဆိုင်တဲ့ဟာတွေ ဆွေးနွေးတယ်ပေါ့။ အဲ့မျိုးတွေတော့ ကြားဖူးတယ် အရင်တုန်းက ဖြစ်စဉ်တွေပေါ့။ အခုဒီဖြစ်စဉ်မှာတော့ ပွဲမကျင်းပရသေးဘူးဆိုတော့ ဘာကြောင့်လဲဆိုတာတော့ မပြောနိုင်ဘူးပေါ့”ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက် အင်္ဂလီကန်ဘုရားကျောင်း ခန်းမမှာ ကျင်းပရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ဖိုရမ်ကို နိုင်ငံတော်သမ္မတရုံး၏ တိုက်ရိုက်ညွန်ကြားချက်အရ လွိုင်ကော်ခရိုင်ရုံးမှ နှုတ်အားဖြင့် ခေါ်တွေ့ပြီး ကျင်းပခွင့်ဖျက်သိမ်းလိုက်ရသည်ဟု ဖိုရမ်ကျင်းပရေးတာဝန်ရှိသူကဆိုသည်။

“ကျနော့ကို ဖုန်းနဲ့တဆင့် ခေါ်ပြီးတော့မှ ရုံးမှာသွားတွေ့ပါတယ်၊ တွေ့ချက်အရတော့ ရှင်းရှင်းပဲ ပြောလိုက်ပါတယ် ဖိုရမ်ပြုလုပ်ခွင့်ကို မပြုဘူး၊ ခုက နိုင််ငံတော်သမ္မတရုံးကနေ တိုက်ရိုက်ညွှန်ကြားချက်အရ လုပ်ခွင့်ကို မပြုဘူးဆိုပြီးတော့မှ ကျနော့ကို နှုတ်အားဖြင့်ပဲ တားမြစ်လိုက်တာဖြစ်ပါတယ်”ဟု ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ပရိုဂရမ်ဒါရိုက်တာ ဦးဗညားကပြောသည်။

အရပ်ဖက်လူမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လူထုကိုယ်စားလှယ်များ ပါ၀င်တက်ရောက်သည့် ငြိမ်းချမ်းရေးဖိုရမ်ကို အစိုးရဘက်မှ ယခုလို ကျင်းပခွင့်ပိတ်ပင်လိုက်သည့်အပေါ် ကရင်နီပြည်နယ် လူငယ်များသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ထင်အောင်က ယခုလိုပြောကြားခဲ့သည်။

“နိုင်ငံတော်သမ္မတရုံးရဲ့ တိုက်ရိုက်ညွှန်ကြားချက် ဆိုပြီးတော့မှ ပိတ်ပင်တယ်၊ ဒါပေမယ့် အဲ့ဒီတိုက်ရိုက်ညွှန်ကြားချက် စာရွက်စာတမ်းကိုလည်း မထုတ်ပေးဘူး၊ ဒါ့အပြင် ခရိုင်အဆင့်ကနေပြီးတော့မှလည်း စာမထုတ်ပဲနဲ့ နှုတ်အားဖြင့်ပဲ အသိပေးပြီးတော့မှပဲ ပိတ်ပင်ခိုင်းတယ်ဆိုတာ ကျနော်တို့ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ပွင့်လင်းမြင်သာမှုမရှိတာကို ဆက်လက်ဖော်ပြနေသေးတာကို တွေ့ရှိရတယ်”

အစိုးရမှ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပခွင့်ပိတ်ပင်သော်လည်း လူထုကြား ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပတ်သက်နေသည့် ပညာပေးလုပ်ငန်းများကို အုပ်စုဖွဲ့ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး တရားဝင်လုပ်ခွင့်ရှိသည်ဖြစ်စေ၊ တရားဝင်လုပ်ခွင့်မရှိသည့်ဖြစ်စေ မိမိတို့ ပြည်နယ်ငြိမ်းချမ်းရေး၊ နိုုင်ငံတော်ငြိိမ်းချမ်းရေးအတွက် အခုလို အသွင်ကူးပြောင်ရေးကာလမှာ ဆက်လက်ပြီး တစိုက်မတ်မတ် ဆက်လုပ်ဆောင်သွားမည်ဟု ဦးဗညားကပြောသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...