တနင်္သာရီတိုင်းဒေသကြီးတွင် JMC-S ကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်း

တနင်္သာရီတိုင်းဒေသကြီးတွင် JMC-S ကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်း
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ကို တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်၊ ဖေဖော် ဝါရီ ၂၅ ရက်က အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ တနင်္သာရီတိုင်းဒေသကြီး JMC-S ကို ပြည်ထောင်စုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-U)မှ တာဝန်ရှိသူများက သွားရောက် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

“တနင်္သာရီတိုင်းမှာ JMC-S ကို သွားဖွဲ့စည်းခဲ့တာပါ။အားလုံး အဆင်ပြေတယ်။နိုင်ငံရေး ဆွေးနွေးပွဲတွေ တည်တည်ငြိမ်ငြိမ်နဲ့ သွားနိုင်ဖို့က JMC အဆင့်ဆင့်က အရေးကြီးပါတယ်။ အခုဆိုရင် NCA စာချုပ်ကနေ ဆက်ပြီး အကောင်အထည်ဖော်လာတာ JICM ၊ UPDJC၊ JMC တို့ လည်ပတ်နေပါပြီ။ ဒီအချက်က ကောင်းမွန် တဲ့ ရလဒ်တွေဘဲဖြစ်ပါတယ်”ဟု မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဖွဲ့စည်းခဲ့သော JMC-S တွင် တပ်မတော်မှ ၅ ဦး၊ KNU မှ ၅ ဦး၊ အရပ်သား ၄ ဦး၊ စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ၎င်းက ပြောသည်။

အလားတူ ရှမ်းပြည်နယ်အတွင်းမှာလည်း JMC-S ကို ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ခိုလမ်မြို့တွင် တပ်မတော်ဘက်မှ ၃ ဦး၊ RCSS/SSA မှ ၃ ဦး၊ PNLO မှ ၃ ဦး၊ ပြည်နယ် ရဲမင်းကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖ ၃ ဦး၊ စုစုပေါင်း ၁၄ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြသည်။

ရှမ်းပြည်နယ်တွင်ဖွဲ့စည်းခဲ့သော  JMC-S ဖွဲ့စည်းစဉ်တွင် အစိုးရတပ်မတော်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ရဲမှူးချုပ်အပါအဝင် လက်နက်ကိုင်အဖွဲ့များဘက်မှ RCSS/SSA၊ PNLO၊ CNF၊ KNU၊ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က လက်နက် ကိုင် ၈ ဖွဲ့ နှင့် အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် NCA စာချုပ်ပါ သဘောတူညီချက်များဖြစ်သော JICM ဖွဲ့စည်းကာ အစည်းအဝေးများပြုလုပ်ခြင်း၊ UPDJC ဖွဲ့စည်းကာ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ JMC-U ဖွဲ့စည်းကာ ပစ်ခတ်တိုက်ခိုက်မှုများကို စောင့်ကြည့်သွားရေး၊စသည့် ကိစ္စရပ်များကို အစိုးရ နှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သို့သော် ပစ်ခတ်တိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်းမရှိသေးဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဆက်လက် ဖြစ်ပွား လျက်ရှိနေသေးကြောင်း၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်နိုင်ရေးအတွက် JMC-U မှ တဆင့် တိုင်း နှင့် ပြည်နယ်အသီးသီး တွင် JMC-S နှင့် JMC-L တို့ကို အဆင့်ဆင့် ထပ်မံ ဖွဲ့စည်းလျက်ရှိသည်။

လက်ရှိ အချိန်တွင် ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် JMC-S ကို ဖွဲ့စည်း နိုင်ခဲ့ပြီး ဖြစ်သည့် အတွက် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ဆက်လက် ဖွဲ့စည်းသွားရန် ပြည်ထောင်စုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC- U)က စီစဉ်ထားကြောင်း သိရသည်။

caption-ပြည်ထောင်စုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ-JMC-U (Photo-MPC)

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...