UNFC သည် ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် UNFC ကောင်စီ (တိုးချဲ့)အစည်းအဝေးကို ကျင်းပခဲ့ရာ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေ အရပ်ရပ်အား ဆွေးနွေးသုံးသပ်ခြင်း ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စ၊လိုအပ်သော မူဝါဒရေးရာကိစ္စရပ်များ နှင့် ဌာနဆိုင်ရာ လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

UNFC ထုတ်ပြန်ချက်(Copy)
ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖယ်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က “အခု RCSS နဲ့ TNLA တို့ဖြစ်နေတဲ့ တိုက်ပွဲက လက်နက်ကိုင် ပဋိပက္ခလို့ ရိုးရိုးလေးမြင်လို့ မရတော့ဘူး။ တဖြည်းဖြည်း ကျယ်ပြန့်လာပြီ။ ဒေသခံပြည်သူတွေကြားထဲမှာလည်း ရှမ်း၊ ပလောင်ဆိုတာတွေ ဖြစ်ပေါ်လာတယ်။ ဒါတွေ က NCA ကို အကြောင်းပြပြီး တစ်ဖက်က ကျနော်တို့ကို အမျိုးမျိုးနဲ့ထိုးစစ်ဆင်တာတွေ၊ အချင်းချင်းကြားထဲမှာ မြှောက်ထိုးပင့်ကော်လုပ်နေတာတွေက NCA စာချုပ်ကို လက်ရှိ အစိုးရ နဲ့ တပ်မတော်က စစ်ရေး၊ နိုင်ငံရေး လက်နက်သဖွယ် အသုံးချလာနေတယ်လို့ ကျွန်တော်တို့က ဒီလိုပဲ သုံးသပ်မိတယ်”ဟု ပြောသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး UNFC ကောင်စီ(တိုးချဲ့)အစည်းအဝေး၏ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် လက်ရှိ ဖြစ်ပွားနေသော ရှမ်းပြည်မြောက်ပိုင်းရှိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/ TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့အကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ထောင်ချီသော စစ်ဘေး ဒုက္ခသည်များမှာလည်း တနေ့ တခြား ပိုမိုတိုးပွားလာလျက်ရှိနေပါကြောင်း၊ နှစ်ဘက်မှ တာဝန်ရှိသူများအနေဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းဖြင့် ဖြစ်ရှိနေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ အဖြေရှာကြရန်အတွက် လေးနက်စွာ တိုက်တွန်းပါကြောင်း ၊ နှစ်ဘက် တွေ့ဆုံ ညှိနှိုင်းအဖြေရှာနိုင်ရေးအတွက် မိမိတို့ UNFC အနေဖြင့် ကြားဝင်ဖြန်ဖျေ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယင်းနောက် လက်ရှိ အစိုးရ နှင့် တပ်မတော်တို့အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို စစ်ရေး၊နိုင်ငံရေး၊လက်နက်သဖွယ် အသုံးချလာနေကြောင်း တွေ့မြင့်နေရပါကြောင်း ဤသို့ သွေးခွဲအနိုင်ယူရေး၊စစ်ရေး၊ နိုင်ငံရေး၊မဟာဗျူဟာဖြင့် တိုင်းရင်းသား အချင်းချင်းကြား လူမျိုးရေး မုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လက်ရှိ အစိုရးတပ်မတော်၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှုံ့ချလိုက်သည်ဟုလည်း ထုတ်ပြန် ကြေညာခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊ကျောက်မဲမြို့နယ်။နမ့်ခမ်းမြို့နယ်၊တို့တွင် RCSS/SSA နှင့် PSLF/TN LA တို့ NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။
ယင်းနောက် ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလအတွင်းက ထိပ်တိုက် တိုက်ခိုက်မှု လေးကြိမ် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ရ ရက်မှ ၁၁ ရက်နေ့အထိ လက်ဆက်ဖြစ်ပွားခဲ့ရာမှ ကျောက်မဲမြို့နယ်အတွင်းရှိ၊ တော့ဆန်ကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာအုပ်စု၊ ညောင်မောင်းကျေးရွာအုပ်စု၊ ပန်စံ(လုံ)ကျေးရွာအုပ်စု၊ လွယ်ဆာကျေးရွာအုပ်စု တို့ အပြင် တခြားသော ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော်သည် ကျောက်မဲမြို့ပေါ်သို့ လာရောက်ကာ စစ်ရှောင်ဒုက္ခ သည်များအဖြစ် ခိုလှုံလျက်ရှိသည်။
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေးနှင့် ကျောက်မဲမြို့ရှိ ဒုက္ခသည်များကို ကူညီစောင့်ရှောက်မှုများ ပေးအပ်ရေးတို့အတွက် ကျောက်မဲမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်မှ ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် တင်သွင်း ဆွေးနွေးခဲ့သည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)သည် အစိုးရ နှင့် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က တခြားသော လက်နက်ကိုင် ရ ဖွဲ့ နှင့်အတူ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)မှာ NCA စာချုပ် လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ နှင့် ဖွဲ့စည်းထားသော UNFC အဖွဲ့ဝင်ဖြစ်သည်။







