သျှမ်းပြည်နယ် လွှတ်တော်အကြီးအကဲများနေရာ ပြည်ခိုင်ဖြိုးပါတီရရှိ

သျှမ်းပြည်နယ် လွှတ်တော်အကြီးအကဲများနေရာ ပြည်ခိုင်ဖြိုးပါတီရရှိ
by -
သျှမ်းသံတော်ဆင့်
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို  ဖေဖော်ဝါရီ ၈ ရက်နေ့က သျှမ်းပြည်နယ်မြို့ တော်တောင်ကြီးမြို့တွင်  စတင်ကျင်းပရာ  သျှမ်းပြည်နယ်လွှတ်တော်  သဘာပတိနေရာ  ၊ ဥက္ကဋ္ဌ  နှင့် ဒုတိယ  ဥက္ကဋ္ဌ  နေရာများကို  ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ  (USDP)  မှ ရရှိထားကြောင်း သိရသည်။

သျှမ်းပြည်နယ်လွှတ်တော် သဘာပတိအဖြစ် လောက်ကိုင် မဲဆန္ဒနယ်အမှတ် (၁) ဦးအောင်သန်းထွဋ် ရွေးချယ်ခံရပြီး ၊ ဥက္ကဋ္ဌအဖြစ် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) စိုင်းလုံးဆိုင် ရွေးချယ်ခံရ သည်ဟုဆိုသည် ။ ဒုဥက္ကဋ္ဌအဖြစ် ရွာငံ မဲဆန္ဒနယ် အမှတ် (၂) လက်ရှိ သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ် ရွေးချယ်ခံရသည် ။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ နန်းစန်းစန်းအေး က “ ဒီနေ့ လွှတ်တော်မှာတော့ အဓိက သဘာပတိ တွေ ဥက္ကဋ္ဌတွေ ဒုဥက္ကဋ္ဌတွေ ရွေးတာပေါ့ ဝင်ရွေးတာတော့ ကျမတို့ ကျားခေါင်းပါတီကလည်း ၃ နေရာ စလုံး ဝင်ရောက်အရွေးခံ ခဲ့တယ် ။ ဒါပေမယ့် ကြံ့ခိုင်ရေးပါတီ ကို မနိုင်ဘူး ” ဟု ပြောသည် ။

ဆန္ဒမဲပေးရာတွင်လည်း ဒီမိုကရေစီအင်အားစုများဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ကျားခေါင်းပါတီ တို့ ပေါင်းစည်းမှုအင်အားသည်လည်း ကြံ့ခိုင်ရေး ပါတီ (USDP) ၏ ထက်ဝက်သာရှိကြောင်း နန်းစန်းစန်းအေး ကပြောသည် ။

“ ဘာကြောင့်မနိုင်တာလဲ ဆိုရင် မဲပေးတဲ့အခါမှာ ကျမတို့ပါတီ နဲ့ NLD ဘဲရှိတာ ။ ကျမတို့ နှစ်ပါတီပေါင်းတာမှ ဆန္ဒမဲ ၄၆ မဲပဲရှိတယ် ။ ကြံ့ခိုင်ရေးတွေ တပ်မတော်သားတွေ တိုင်းရင်းသားပါတီငယ်တွေက ၈၈ မဲရှိပြီလေ ” ဟု ၄င်းက ပြောသည် ။

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် သျှမ်းပြည်နယ် လွှတ်တော်အမတ် ၁၃၇ ဦး အနက် တပ်မတော်သား ၃၄ ဦး ပါရှိကြောင်း သိရသည် ။

Most read this week

May 9, 2024
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ ( 7 EAO Alliance)  ...
May 8, 2024
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူရွာတွင် နေထိုင်သည့် ဒေသခံ ၉...
May 7, 2024
သျှမ်းပြည် မူဆယ်မြို့နယ်တွင် UID ခေါ် စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ...
May 7, 2024
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နှစ်လနီးပါး...