ချင်းလူမျိုး ၅၃ မျိုး ရှိသည်ဟု ရေးသားပြောဆိုမှု မမှန်ကန်ကြောင်း ချင်းအဖွဲ ့ထောက်ပြ

ချင်းလူမျိုး ၅၃ မျိုး ရှိသည်ဟု ရေးသားပြောဆိုမှု မမှန်ကန်ကြောင်း ချင်းအဖွဲ ့ထောက်ပြ
by -
ခိုနူမ်းထုန်
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိသည့် အနက် ချင်းလူမျိုးများသည် ၅၃ မျိုးရှိသည်ဟု သတ်မှတ်ရေတွက်မှုသည် မှန်ကန်မှုမရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရင် ချင်းအမျိုးသား အထောက်အကူပြုကော်မတီမှ ဒီဇင်ဘာ ၁၄ ရက်နေ့က ထောက်ပြပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ချင်းလူမျိုး ၅၃ မျိုးရှိကြောင်းတပ်မတော်အစိုးရလက်ထက်မှစတင်ကာ ရေးသားပြော ဆိုမှုများ ရှိလာပြီး ၂၀၁၄ ခုနှစ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ချင်းလူမျိုးများအား ၅၃ မျိုး ပိုင်းခြားကာ ကုတ်အမှတ် ၄၀၁ မှ ၄၅၃ အထိ သတ်မှတ်ကောက်ယူခဲ့ခြင်း ကြောင့် ချင်းလူမျိူးတို့အကြား နားလည်မှုလွဲမှားခြင်း၊ စိုးရိမ်စိတ်များဖြစ်ပေါ်ခြင်း နှင့် အချင်းချင်း စိတ်ဝမ်းကွဲပြားရန် အစပျိုးလာခြင်းများကြံုတွေ့ခဲ့ရသည်ဟု ဒီဇင်ဘာ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော သန်းခေါင်စာရင်းဆိုင်ရင် ချင်းအမျိုးသား အထောက်အကူပြုကော်မတီ၏ ကြေညာချက်တွင် ထောက်ပြပြောဆိုထားသည်။

ယင်းအထောက် အကူပြုကော်မတီ အနေဖြင့် ချင်းလူမျိုး ၅၃ မျိုး အရေအတွက် နှင့်ပတ်သက်ပြီး ချင်းလူမျိုးများအကြား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခြင်း၊ ချင်းလူမျိုးတတ် သိပညာရှင်များအား မေးမြန်းခြင်း၊ မျိုးနွယ်စု အလိုက်ခေါင်းဆောင်များနှင့် ညှိနှိုင်းခြင်းများကို ၂၀၁၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ကြရာမှ ပဏာမလေ့လာတွေ့ရှိချက်အရ ချင်း ၅၃ မျိုးရှိသည်ဟူသော ရေတွက်မှုသည် မှန်ကန်မှု မရှိကြောင်းတွေ့ရှိရသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

၎င်းတို့၏ ပဏာမလေ့လာတွေ့ရှိချက်တွင် ချင်း ၅၃ မျိုးထဲ၌ နာဂအပါအဝင် နာဂမျိူးနွယ်စု လေးခု၊ မဏိပူရမျိုးနွယ်စု တစ်ခု၊ နေပါလီမျိုးနွယ်စု တစ်ခုနှင့် အမျိုးအမည် နှစ်ခုကိုမူ မည်သည့် မျိုးနွယ်စု ဖြစ်ကြောင်း စီစစ်အတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် ချင်းမျိုးနွယ်စုအမည်များအနက် လေးခုကို တစ်ခုလျင် အနည်းဆုံး နှစ်ကြိမ်စီ (ရှစ်မျိုးအဖြစ်) ရေးသားဖော်ပြထားပြီး လေးခု သည် မျိုးနွယ်စုအမည်မဟုတ်ဘဲ ဒေသ၊ မြို့၊ အမည်ရှေ့တပ်စကားလုံး စသည်တို့ကို အမျိုးအမည်အဖြစ် ရေးသား ထားခြင်းဖြစ်ကြောင်း စီစစ်တွေ့ရှိရသည်ဟု ချင်းအမျိုးသား အထောက်အကူပြုကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မတီအနေဖြင့် ပဏာမလေ့လာတွေ ့ရှိချက်များအရ အမျိုးအမည် ၅၃ ခုအနက် ချင်းမျိုးနွယ်စုများ အဖြစ် ၃၆ မျိုးကို ရေတွက်နိုင်ခဲ့ကြောင်း၊ ယင်း ၃၆ မျိုးတွင် မျိုးနွယ်စု (Tribe)၊ ဆွေမျိုးစု(Clan)၊ မျိုးတူစု (Family)များ ရောနှောပါ ဝင်နေကြောင်း တွေ့ရှိရသည်ဟု ကော်မတီက ပြောသည်။

သို့သော် အမျိုးအမည် ၅၃ ခုအနက် ချင်းမျိုးနွယ်စုများ အဖြစ် ၃၆ မျိုးကိုသာ စုစည်းရေတွက်နိုင်သည် ဟူသော အချက်သည် ချင်းလူမျိုး ၃၆ မျိုးရှိသည်ဟု ဆိုလိုခြင်း လုံးဝမဟုတ်ကြောင်း ကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်းရှိ လူဦးရေသန်းခေါင်စာရင်းကို လာမည့်နှစ် ၂၀၁၆ ခုနှစ် ဇန်နဝါလဆန်းပိုင်းတွင် ဗဟိုသန်းခေါင်စာရင်း ကော် မရှင်မှ ထုတ်ပြန်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ထုတ်ပြန်သည့်အချိန်တွင် ချင်းလူမျိုးများအကြား မလိုလားအပ်သော ရှုပ်ထွေးမှုများ ထပ်မံမပေါ်ပေါက်စေရန် လည်းကောင်း၊ ချင်းပြည်နယ် အတွင်း၊ အပြင် ဒေသအသီးသီးတွင် သွားရောက်ကာ လေ့လာဆွေးနွေး ညှိနှိုင်း အဖြေ ရှာခြင်းများကို ချင်းအမျိုးသား အထောက်အကူပြုကော်မတီက ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...