နိုင်ငံရေးဆွေးနွေးမည့်ရက် ဒီဇင်ဘာ ၁၆တွင် သမ္မတဦးသိန်းစိန်သတ်မှတ် ကြေညာမည်ဟုဆို

နိုင်ငံရေးဆွေးနွေးမည့်ရက် ဒီဇင်ဘာ ၁၆တွင် သမ္မတဦးသိန်းစိန်သတ်မှတ် ကြေညာမည်ဟုဆို
by -
မဇ္ဈိမ
နိုင်ငံရေးဆွေးနွေးပွဲများ စတင်မည့် ရက်ကို ဒီဇင်ဘာ ၁၆ရက်နေ့၊ နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်က သတ်မှတ်ကြေညာမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယ ဥက္ကဌ ဦးသုဝေက ဒီဇင်ဘာ ၉ရက်တွင် မဇ္စျိမသို့ ပြောသည်။

"သမ္မတက ၁၆ရက်နေ့မှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ့်ရက်ကို အမိန့်ထုတ်မယ်။ အဲဒီတော့မှ ကျွန်တော်တို့က ပြင်ဆင်စရာရှိ တာတွေကိုပြင်ဆင်မယ်။ ခရစ်စမတ်၊ လွတ်လပ်ရေးနေ့ အဲဒါတွေပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့ပြင်ဆင်ရမှာပါ"ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၁၄ရက်နေ့တွင် UPDJC ကရေးစွဲထားသည့် နိုင်ငံရေးမူဘောင်ကို သမ္မတဦးသိန်းစိန်ထံသို့ အရောက်ပေးပို့မည် ဖြစ်သည်။

ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံရေးဆွေးနွေးမှုမူဘောင် အသိအမှတ်ပြုဖွင့်ပွဲကို နေပြည်တော်တွင် ပြုလုပ်ကာ ယင်းနေ့တွင်ပင် သမ္မတဦးသိန်းစိန်က တက်ရောက်ပြီး နိုင်ငံရေးဆွေး နွေးပွဲရက်ကို သတ်မှတ်ပေးရမည် ဟုလည်း UPDJC အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောသည်။

နိုင်ငံရေးမူဘောင်မူကြမ်းကို နိုဝင်ဘာ ၃၀ရက်တွင် မြန်မာ့ငြိမ်းချမ်းရေး၊ ပြည်လည်ထူထောင်ရေး ဗဟိုဌာန၌ အပြီးသတ်ရေးစွဲခဲ့ပြီး ယနေ့ဒီဇင်ဘာ ၁ရက်တွင် အချောသတ် ပြန်လည်စိစစ်ကာ၊ ဒီဇင်ဘာ ၂ရက်နေ့တွင် ရေးစွဲပြီးစီးခဲ့ပြီဟုလည်း ဦးသုဝေက ဆိုသည်။

ရေးစွဲပြီးစီးသည့် နိုင်ငံရေးမူဘောင်တွင် နိုင်ငံရေးဆွေးနွေးပွဲများကို တပ်မတော်၊လွှတ်တော်အပါအဝင် အစိုးရအဖွဲဲ့မှ ကိုယ်စားပြု ၁၅၀ဦး၊ အပစ်ရပ်လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၈ဖွဲ့မှ ကိုယ်စားပြု ၁၅၀ ဦးနှင့် နိုင်ငံရေးပါတီမှကိုယ်စားပြု ၁၅၀တို့ကို လျာထားသတ်မှတ်ထားသည်။

ယင်းအပြင် တိုင်းရင်းသားဒေသများမှ ခေါင်းဆောင်များ၊ တတ်သိပညာရှင်များနှင့် အပစ်ရပ် လက်မှတ်ရေးထိုး ခြင်းမရှိသေးသည့် အဖွဲ့များမှကိုယ်စားလှယ်များမှ စုစုပေါင်း ၅၀ဦးကိုလည်း ဖိတ်ကြားရန်ထည့်သွင်းရေးသားထားသည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။

ဖိတ်ကြားမည့်ပုဂ္ဂိုလ်များနှင့် ဒီဇင်ဘာ ၁၆ရက်နေ့တွင် ကျင်းပမည့်အစီအစဉ်၏ အချိန်တို့ကိုမူ ဒီဇင်ဘာ ၁၄ရက်၊ နေပြည်တော်တွင်ပြုလုပ်မည့် UPDJC အစည်းဝေးဆုံးဖြတ်ချက်အရသာသိရမည်ဟု ၎င်းက ပြောသည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေး မူဘောင်တစ်ခုကို ရေးစွဲပြီးစီး ရန်လိုအပ်ပြီး ရက်ပေါင်း၉၀ အတွင်းနိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဟု အာမခံချက်ကို အပစ်ရပ်စာချုပ်တွင် ထည့်သွင်းထားသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...