ဂျပန်နိုင်ငံမှ ရင်းနှီးမြပ်နှံမည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတည်ရှိသည့် ဒေသများ ဖြစ်သည့် အံဒင်၊ ငရုတ်ကောင်းနှင့် သာရဘွင် ဒေသတို့မှ ကိုယ်စားလှယ်သုံးဦးက ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ဂျပန်သံရုံးသို့ ယနေ့ နေ့လယ် ၁၂ နာရီက ကန့်ကွက်စာ သွားရောက်ပေးပို့ရာ သံရုံးမှ မစင်သီယာက လက်ခံရယူပြီး တာဝန်ရှိသူထံ ပေးဆောင်မည်ဟု ပြောကြောင်း ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးစောနိုင်သန်းက မဇ္စျိမသို့ ပြောသည်။
''ဒီနေ့ပေးတဲ့စာထဲမှာ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီတွေ တည်ဆောက်မယ့် ကျောက်မီးသွေး စက်ရုံတွေ မှာ ငွေကြေး မထောက်ပံ့ဖို့နဲ့ ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့ ရေးထားပါတယ်။ ကျွန်တော် တို့လို ကိုယ်စားလှယ်သုံးဦး ဂျပန်နိုင်ငံ သွားပြီးတော့ မနေ့က ကန့်ကွက်စာ သွားပေးပါတယ်။''ဟု သာရဘွင် ဒေသခံကိုယ်စားလှယ်ဖြစ်သူ ဦးစောနိုင်သန်းက ဆိုသည်။
ဂျပန်နိုင်ငံသို့ ဒေသခံ ကိုယ်စားလှယ်သုံးဦး နိုဝင်ဘာ ၂၄ ရက်နေ့ ထွက်ခွာသွားပြီး ၂၆ ရက်နေ့ တိုကျို လွှတ်တော်ထဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်ဟု ကိုယ်စားလှယ်များက ပြောကြားသည်။
''ဂျပန် ရောက်နေတဲ့အဖွဲ့က တိုကျိုလွှတ် တော်ခန်းမမှာ လွှတ်တော်အမတ်တွေ၊ တက္ကသိုလ် ကျောင်းသားတွေ၊ ဒီစီမံကိန်းတွေကို ထောက်ပံ့နေတဲ့ ဘဏ်တွေ၊ အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီး ဒေသခံတွေ သဘောမတူတဲ့နေရာမှာ ရင်းနှီးမြှပ်နှံမှု မလုပ်ကြဖို့ ရှင်းလင်းပွဲ၊ ဟောပြောပွဲတွေလုပ်ဆောင်ပါတယ်''ဟု အံဒင်ဒေသခံ ကိုယ်စားလှယ် မသီရိဦးက ပြောသည်။
ကျောက်မီးသွေးစီမံကိန်းများတွင် ပါ၀င်ပတ်သက်ထောက်ပံ့ခြင်းများ မပြုလုပ်ရန် တောင်းဆိုကြသည့် ကိုယ်စားလှယ်များမှာ ရန်ကုန်မြို့သို့ အံဒင် ဒေသခံကိုယ်စားလှယ်် မသီရိဦး၊ ငရုတ်ကောင်း ဒေသခံ ကိုယ်စားလှယ် ဦးကန်ကြီး၊ သာရဘွင် ဒေသခံကိုယ်စားလှယ် ဦးစောနိုင်သန်း တို့သွားရောက်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ဦးစံငွေ၊ ဦးသန့်စင်၊ ဦးမိုးကျော်သူ တို့သွားရောက်ခဲ့သည်။
ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတည်ဆောက်မည့် အံဒင်မှာ မွန်ပြည်နယ် ရေးမြို့အနီး၊ သရဘွင်မှာ တနင်္သာရီတိုင်း၊ ငရုတ်ကောင်းမှာ ဧရာဝတီတိုင်းအတွင်း တည်ရှိသည်။







