ကိုကျော်ကိုကို အပါအဝင် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု၌ ပါဝင်သည့် ကျောင်းသားများနှင့် ဝန်းရံ ပြည်သူများအား ထပ်တိုးပုဒ်မ ပုဒ်မ(၁၈)ဖြင့် ကမာရွတ်မြို့နယ် တရားရုံး၌ အမှုဖွင့်ထားမှုကို စတင် ရုံးထုတ်စဉ် ကိုကျော်ကိုကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေး တောင်းဆိုမှုတွေကို မျက်ကွယ်ပြုပြီး လေးပွင့်ဆိုင် ကတိကဝတ်တွေကို ချိုးဖောက်ပြီးတော့ ကျွန်တော်တို့ ကျောင်းသားတွေကို ထပ်မံဖမ်းဆီးနေတဲ့ အပြင် ဖမ်းမိထားတဲ့ ကျောင်းသားတွေကို အမှုတွေ တစ်ခုပြီးတစ်ခု ထပ်တိုးတရားစွဲဆို နေတာဟာ မီးတောက်ထဲကို ဓာတ်ဆီထပ် လောင်းထည့်နေသလိုပဲ ပြဿနာတွေကို ပိုမိုကြီးထွားစေပါတယ်"ဟု ကိုကျော်ကိုကိုက ပြောသည်။
ကိုကျော်ကိုကို အပါအဝင် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုနန္ဒာစစ်အောင်၊ ဗကသ အဖွဲ့ဝင် ကိုဂျိမ်း၊ မပိုပိုနှင့် ၀န်းရံသူ ကိုဝင်းကျော့မှူးတို့အား ပုဒ်မ (၁၄၃)၊ (၁၄၅)၊ (၁၄၇)၊ (၅၀၅)(ခ)တို့ဖြင့် တရားစွဲဆိုထားရာမှ ကမာရွတ်မြို့နယ်မှူး ဒုရဲမှူးဇော်ဝင်းက တရားလို ပြုလုပ်ကာ ပုဒ်မ(၁၈)ဖြင့် ထပ်တိုးတရားစွဲခဲ့ခြင်းဖြစ်သည်။
"ဒါကတော့ဗျာ တရားမျှတတဲ့ တရားဥပဒေ စိုးမိုးမှု မရှိလို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းအရာ တစ်ခုတည်းကို ပုဒ်မတွေ အမျိုးမျိုး ခွဲနေတယ်။မလိုအပ်ပဲနဲ့ လုပ်နေတာ။ ဒါတွေကတော့ ပြောင်းလဲဖို့ လိုအပ်တယ်"ဟု ဖမ်းဆီးခံ ကျောင်းသားများ၏ ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောသည်။
ကျောင်းသား ၅ဦးအား နိုဝင်ဘာလ(၁၉)ရက်နေ့က ကမာရွတ်မြို့နယ်မှူး ဒုရဲမှူးဇော်ဝင်းက တရားလို ပြုလုပ်ကာ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့၊ နေ့လည်(၁၂)နာရီတွင် ကမာရွတ်မြို့နယ် တရားရုံး၌ တရားလို ဒုရဲမှူး ဇော်ဝင်းအား စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုအား ထပ်မံစစ်ဆေးရန် ကမာရွတ်မြို့နယ် တရားသူကြီးက ဒီဇင်ဘာ ၄ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ဖမ်းဆီးခံကျောင်းသားများထံမှ သိရသည်။







