ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်မှ ယနေ့ထိ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် (SSPP/SSA)နှင့် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း အစိုးရစစ်တပ်မှ ဝေဟင်မှ တိုက် လေယာဉ်များ အသုံးပြုခြင်း၊ အမြောက်လက်နက်ကြီးများဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရည်ညွှန်းပြောဆိုခြင်းဟု ရှမ်းလူထုအခြေပြုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောသည်။
“နိုင်ငံတကာက ဒီအတိုင်း လစ်လျူရှုထားတော့မှာလား၊ ရန်ကုန်မှာ အခြေစိုက်တဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ၊ နိုင်ငံတကာ အန်ဂျီအိုတွေ အခုချိန်ထိ တခုခု မလုပ်သေးတာလဲ၊ ကူညီမှုတွေ ဘာကြောင့် မလုပ်သေးတာလဲ”ဟု သူက မေးခွန်းထုတ်ခဲ့သည်။
ယခုထိ အစိုးရစစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင်း အရပ်သား ၅၀ ကျော် ထိခိုက်နစ်နာခဲ့ရသည်ဟုလည်း သူက ပြောသည်။
“စစ်ဖြစ်လို့ ထိခိုက်တဲ့ စိုက်ပျိုးရေး၊ လူမှုရေး စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို နစ်နာသူတွေ ပြန်ပြီး ထောက်ပံ့မှုတွေ အစိုးရကနေ လုပ်ပေးဖို့၊ ပြန်လည် လျော်ကြေးပေးဖို့ ပြည်သူလုထုကို ပြန်လည် တောင်းပန်ဖို့အတွက်ပါ ကျနော်တို့ ပြောဆိုတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အားလုံး အမြန်ဆုံး ရပ်တန့်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ သိရှိပြီး တရားမျှမျှတတ ဆုံးဖြတ်နိုင်ရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ စိုင်းခွန်းမိုင်က ပြောသည်။
“တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့၊ ဒုက္ခရောက်နေတဲ့ စစ်ပြေးတွေအတွက် ဒေသခံတွေဘဲ ကူညီတာတော့ရှိတယ်။ လူမှုအဖွဲ့အစည်းတွေဘဲ ကူညီတာရှိတယ်။ နိုင်ငံတကာကနေ ဘယ်သူမှား တယ်ဆိုတာ သိမြင်လာပြီး ဆုံးဖြတ်ပေးဖို့တောင်း ဆိုချင်တယ်”ဟု သူက မဇ္စျိမသို့ ပြောသည်။
တိုက်ပွဲကြောင့် လက်ရှိ ကျေးသီး၊ မိုင်းရှူး၊ မိုင်းနောင်မြို့နယ်များမှ စစ်ပြေးဒုက္ခသည် ၁၀,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ဒေသတွင်း အလှူရှင်များ၏ ထောက်ပံ့မှုဖြင့်သာ မှီခိုနေရပြီး ရန်ကုန် အခြေစိုက် နိုင်ငံတကာ အေဂျင်စီများ၏ ကူညီထောက်ပံ့မှု အနည်းငယ်သာ ရရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောဆိုထားသည်။
၂၀၁၂ ခုနှစ်အစောပိုင်းက SSPP/SSA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း တစ်နိုင်လုံး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး မပါဝင်သဖြင့် လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။ ယင်းနောက်ပိုင်း အစိုးရစစ်တပ်မှ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက်များတွင် အစိုးရ နှင့် SSPP/SSA နှစ်ဖက် ခေါင်းဆောင်များ လက်ရှိ တိုက်ပွဲ များ ရပ်တန့်ရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး ၅ ရက်အတွင်း စစ်ရှိန်လျော့ရန် သဘောတူညီမှု ရရှိခဲ့သည်။







