လူထုအခွင့်အရေး အာမခံချက် မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပြင်ပေးရန်ပြော

လူထုအခွင့်အရေး အာမခံချက် မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပြင်ပေးရန်ပြော
by -
မဇ္ဈိမ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပက်သက်ပြီး လူထုအခွင့်အရေး အာမခံချက်မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားနေသည့် အဖွဲ့အစည်း ၃ခုက အကြံပြုပြောဆိုလိုက်သည်။

နိုဝင်ဘာ ၂၅ရက်၊ လသာမြို့နယ် အနော်ရထာလမ်းပေါ်ရှိ Best Western China Town ဟိုတယ်တွင် ပြုလုပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအပေါ် ရှုထောင့်ပေါင်းစုံမှ သုံးသပ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

"ကျွန်တော်တို့ အခွင့်အရေးဖြစ်တဲ့ သန့်ရှင်းတဲ့လေ၊ ရေ၊ မြေတွေကို ရှုရှိုက်၊ သောက်သုံး၊ အသုံးပြုခွင့် ဆိုတဲ့ အာမခံချက် တစ်ခုမှ မပါဘူး။ ရှမ်းပြည်မှာ တီကျစ် ကျောက်မီးသွေး စက်ရုံကြောင့် မွေးကတည်းက မသန့်ရှင်းတဲ့ လေကို အခုရှုနေပြီ။ အဲဒီအပြင် အခုဥပဒေမှာ အများကြီး လိုအပ်ချက်တွေ ရှိတယ်"ဟု သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူ ဦးဝင်းမျိုးသူက ဆိုသည်။

ယင်းဥပဒေကို ၂၀၁၂ခုနှစ် မတ်လ၊ ၃၀ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့ခြင်း ဖြစ်သော်လည်း ယနေ့တိုင် သက်ဆိုင်ရာဝန်ကြီးဌာနက နည်းဥပဒေ ရေးဆွဲထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် ဥပဒေပါ ပြဌာန်းချက်များသည် ယေဘူယျ ပြဌာန်းချက်များသာဖြစ်ပြီး တိကျသည့် စံနှုန်းသတ်မှတ်ချက်ကဲ့သို့ အချက်အလက် တိကျစွာ ပြဌာန်းထားခြင်း မရှိသည့်အပြင်၊ ဥပဒေပါ ဖွဲ့စည်းသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ကော်မတီ၏ လုပ်ဆောင်မှုများမှာလည်း လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်သည့် အခြေအနေသာ ရှိသည်ဟုလည်း ဝေဖန်ကြသည်။

"ဥပဒေပိုင်းက ကြည့်မယ်ဆိုရင် ဒီဥပဒေက ပြည်သူ့ပါဝင်မှု၊ ပြည်သူတွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးနိုင်မယ့် အခွင့်အရေး တစ်ခုမှမပါဘူး။ ယေဘူယျဆန်တဲ့ ဥပဒေလို့ ပြောရမယ်။ ဥပဒေထဲမှာ တချို့လူတွေကို အခွင့်အရေးပေးထားတဲ့ ပုံစံမျိုးတွေလည်း ပါဝင်နေတာ တွေ့ရတယ်။" ဟု Law Firm မှ သဘာဝပတ်ဝန်းကျင်ရေးရာ ဆောင်ရွက်သူ ဦးအောင်ဇော်လင်းက ဝေဖန်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရာတွင် နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေး စသည့် ကဏ္ဍသုံးရပ်လုံးကို ဟန်ချက်ညီ ထိန်းသိမ်းနိုင်ရန် လိုအပ်သည့် အာမခံချက်များကို လုံးဝ ထည့်သွင်းထားခြင်းလည်း မရှိကြောင်းလည်း ဦးဝင်းမျိုးသူက ဆိုသည်။

အဆိုပါ ဥပဒေ အခန်း ၁၄၊ ပုဒ်မ ၃၆တွင်လည်း ၀န်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အစိုးရဌာန အဖွဲ့အစည်းနှင့် ပုဂ္ဂလိက လုပ်ငန်းတစ်ခုခုအား၊ နိုင်ငံတော်နှင့် ပြည်သူအကျိုးငှာ ဤဥပဒေ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဆောင်ရွက်ရခြင်းမှ ကင်းလွတ်ခွင့်၊ သို့မဟုတ် လျှော့ပေါ့ခွင့်ပြုနိုင်သည်ဟုလည်း ပါရှိနေသည်။

စီးပွားရေး လုပ်ငန်းများကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝပတ်ဝန်းကျင်ရေးရာ ပြန်လည်ပြုပြင်ရေး အတွက် သတ်မှတ်ထားသည့် ပြစ်ဒဏ်များမှာလည်း အလွန်နည်းပါးသဖြင့် စီးပွားရေးသမားများ အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ပိုမိုလျစ်လျူရှု လာနိုင်သည်ဟုလည်း ဆိုသည်။

"ရေဆိုးထုတ်လို့ ပြစ်ဒဏ်က သိန်း ၂၀ ပဲ ပေးရမယ်။ အဲဒီရေးဆိုးကို သန့်စင်ဖို့ စက်ရုံဆောက်ရင် အမေရိကန် ဒေါ်လာ ၂သန်း လောက်ကုန်မယ်။ အဲဒီတော့ နီးစပ်ရာနဲ့ ပေါင်းပြီးတော့ ကျွန်တော် ဆိုလည်း သိန်း ၂၀ ပဲ ပေးမှာပေါ့"ဟု ပြောသည်။

ဦးသိန်းစိန် အစိုးရအဖွဲ့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများ ရေးဆွဲခြင်း၊ အရပ်ဖက် အဖွဲ့များကို ပြောဆိုခွင့်ပေးခြင်း တို့သာရှိခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကိုမူ အကောင်အထည် ဖော်နိုင်ခြင်း မရှိသဖြင့် လာမည့်အစိုးရသစ်က ပျက်ဆီးနေသည့် သဘာဝ ပတ်ဝန်းကျင်များကို မပြုပြင်နိုင်ပါက၊ ရှိနှင့်ပြီးသား ပတ်ဝန်းကျင်များကိုမူ ထိန်းသိမ်းရန် တောင်းဆိုလို ကြောင်းလည်း ဦးဝင်းမျိုးသူက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၏ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်း ရှိမရှိ စစ်ဆေးသုံးသပ်ရန် ဥပဒေ ပြဌာန်း ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့ချရေးနှင့် ပြန်လည်စိမ်းလန်း စိုပြေစေရေးအတွက် သုတေသနနှင့် ရင်းနှီးမြှပ်နှံမှုတို့ကို အားပေးခြင်းတို့ အပါအဝင် အချက် ၁၉ ချက်ကို အကောင်အထည်ဖော်မည်ဟု ထည့်သွင်းအာမခံထားသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...