မချောစန္ဒီထွန်း၏ တရားရှင်လွှတ်ပေးရန်နှင့် အာမခံပေးရန် တောင်းဆိုမှုများ ပယ်ချခံရ

မချောစန္ဒီထွန်း၏ တရားရှင်လွှတ်ပေးရန်နှင့် အာမခံပေးရန် တောင်းဆိုမှုများ ပယ်ချခံရ
by -
မဇ္ဈိမ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် သိက္ခာကျအောင် လုပ်ဆောင်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ အသရေဖျက်မှု ပုဒ်မ ၅၀၀တို့ဖြင့် တရားစွဲဆိုခံထားရသော မချောစန္ဒီထွန်း(ခေါ်) ချစ်သမီးသည် တရားရုံးတွင် နှစ်ကြိမ်တိုင်တိုင် အာမခံ လျှောက်ထားခဲ့သော် လည်း နှစ်ကြိမ် စလုံး ပယ်ချခံခဲ့ရသည့်အပြင် ပုဒ်မ ၅၀၀ အတွက် တရားရှင် လွှတ်ပေးရန် တောင်းဆိုထားမှုအပေါ်မှာလည်း နိုဝင်ဘာ ၂၄ ရက်နေ့၊ မအူပင်မြို့နယ်ရှိ မြို့နယ်တရားရုံး စတုတ္ထကြိမ်မြောက် ရုံးချိန်းတွင် ပယ်ချခံခဲ့ရသည်။

“ပုဒ်မ ၅၀၀ မှာ တရားလိုရဲ့ ထွက်ချက်အရ ကိုယ်စားပြု စွဲဆိုခြင်းဖြစ်တော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၈ နဲ့ အကျံုးဝင်သွားလို့ ဆက်မစစ်ပဲ တရားရှင်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရုံးရဲ့ အမြင်ကတော့ ဆက်စစ်လို့ရတယ်လို့ အမြင်နဲ့ လျှောက်လွှဲချက်ကို ပလပ် လိုက်တယ်”ဟု မချောစန္ဒီထွန်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိတွင် မချောစန္ဒီထွန်းသည် မအူပင်အကျဉ်းထောင်မှာ ထိန်းသိမ်းခြင်းခံထားရခြင်းဖြစ်ပြီး၊ ယနေ့အချိန်ထိ ခြင်ထောင်ယူဆောင်ခွင့် မရသေးကြောင်းလည်း ရုံးထုတ်လာစဉ် မီဒီယာများသို့ ပြောကြားခဲ့သည်။ ထို့အပြင် တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍လည်း နားမလည်နိုင်အောင် ဖြစ်ရကြောင်း ပြောကြားခဲ့သည်။

“ဒီအမှုမှာ ကြားတဲ့အတိုင်းပါပဲ။ ပုဒ်မ ၃၄ (ဃ)နဲ့ တစ်ခါစွဲတယ်။ ၆၆ (ဃ)နဲ့ တစ်ခါစွဲတယ်။ ပုဒ်မ ၅၀၀ နဲ့ တစ်ခါစွဲတယ်။ ဒီပုံတစ်ပုံနဲ့ကို ပုဒ်မ ၃ ခုနဲ့ တရားရုံး တင်တယ်ဆိုတာက လုံးဝကို မမျှတပါဘူး။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း လွတ်လပ်စွာ ထုတ်ပြောရေးသားခွင့်၊ ပြောဆိုခွင့် ဆိုတာတွေ ပါပေမယ့် အခု တရားစွဲ ဆိုတဲ့ ရဲတွေဟာ ဥပဒေကို မလေးစား မလိုက်နာသူတွေလို့ မြင်ပါတယ်”ဟု မချောစန္ဒီထွန်းက ပြောကြားခဲ့သည်။

မချောစန္ဒီထွန်းကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ လာမည့် နို၀င်ဘာ ၃၀ ရက်နေ့တွင် ငါးကြိမ်အဖြစ် ဆက်လက် ရုံးထုတ် စစ်ဆေးသွားမည်ဖြစ်သည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...