ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသားဟုတ်/မဟုတ်စိစစ်ရာတွင် ဖျက်သိမ်းပြီးဖြစ်သည့် ၁၉၄၈ ခုနှစ်မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေပုဒ်မအချို့ကို အဓိက ဇောင်းပေးပြီး စိစစ်မှုများပြုလုပ်နေသဖြင့် ဒေသခံပြည်သူ (၁၀၅၃)ဦးက မကျေနပ်၍ လက်မှတ်ရေးထိုးထားသည်ကို ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသို ့လိပ်မူတင်ပြခဲ့ခြင်းအပေါ် ဒုဝန်ကြီးက ပြည်သူ့ လွှတ်တော်သို့ နိုဝင်ဘာ ၂၄ ရက်နေ့က လာရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
“နောက်ဆုံးအဆင့် ဆုံးဖြတ်ပေးရသည့် ဗဟိုအဖွဲ့သည် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများဖြင့် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပါတယ်”ဟု ဒုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေကို၏ အနှစ်သာရကို ထိခိုက်မှုရှိ၊ မရှိကို ပြန်လည်သုံးသပ်မှုမရှိဘဲ အတင်းအကြပ်အကောင် အထည်ဖော်နေမည်ဆိုပါက ဘင်္ဂါလီဟူသမျှ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ အလွယ်တကူဖြစ်လာမည့်အရေးကို ဒေသခံရခိုင်ရခိုင်လူမျိုး များ အလွန်စိုးရိမ်သောက ရှိနေကြသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ လိပ်မူတင်ပြခဲ့သည့်စာတွင်ပါရှိသည်။
ဘင်္ဂါလီများ နိုင်ငံသားဖြစ်မှုစိစစ်ခြင်းကို မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆၅ နှင့် မြန်မာနိုင်ငံသား ဥပဒေ ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အညီ ဥပဒေကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေး တာဝန်ယူထားသူများ၊ ဒေသခံရခိုင်တိုင်းရင်းသားကိုယ်စားလှယ်များ၊ လျှောက်ထားသူ နှင့် ပက်သက်သည့် ဘင်္ဂါလီလူမျိုး ကိုယ်စားလှယ်များဖြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များမှ သဘောထားမှတ်ချက်ဖြင့် တင်ပြမှုအပေါ် နိုင်ငံသားဟုတ်/မဟုတ် နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းစဉ် ဖြစ်သည်ဟု ဒုဝန်ကြီး ပြောကြားချက်အရ သိရသည်။







