ရှမ်းမြောက်တိုက်ပွဲအရေး SSPP နှင့် အစိုးရဆွေးနွေးမှု ပြေလည်မှုမရသေး

ရှမ်းမြောက်တိုက်ပွဲအရေး SSPP နှင့် အစိုးရဆွေးနွေးမှု ပြေလည်မှုမရသေး
by -
မဇ္ဈိမ
ရှမ်းမြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေမှုအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWCP)တို့ နေပြည်တော်တွင် နိုဝင်ဘာ ၂၃ ရက်နေ့က ဆွေးနွေးမှု ပြေလည်မှု မရသေးဟု SSPP/SSA ၏ အဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီက မဇ္ဈိမသို့ ပြောသည်။

UPWCP မှ ဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော် ပါဝင်သော ကိုယ်စားလှယ်များနှင့် SSPP/SSA မှ အထွေထွေ အတွင်းရေးမှူး(၂) ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီ ဦးဆောင်၍ ၅ ဦးပါဝင်သော ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အခုလက်ရှိ ကျနော်တို့ နေရာယူထားတဲ့တပ်တွေ ဆုတ်ခွာပေးဖို့၊ ကားလမ်းတခြမ်းကို အားလုံး ရွှေ့ပေးဖို့ အားလုံးရွှေ့ခိုင်း တယ်။ အောက်ခြေတပ်ကလည်း လက်မခံသေးဘူးလေ။ အတည်ပြုချက် မရသေးဘူး။ တပ်နေရာချထားရေး ပြန်ညှိနှိုင်းရမယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းခမ်းသီက ပြောသည်။

နိုဝင်ဘာ ၂၃ရက်နေ့တွင် တပ်နေရာချထားရေးနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်အခတ် လက်မှတ်ရေးထိုးရာတွင် အဆိုပါ မိုင်းရှူးနှင့် မိုင်းနောင်များရှိ တပ်များ ဆုတ်ခွာပေးရန် ပါဝင်ခြင်း မရှိသလို၊ ဘိုးစဉ်ဘောင်ဆက် ကတည်းက အခြေချနေထိုင်လာသဖြင့် ဆုတ်ခွာပေးမည် မဟုတ်ကြောင်း နိုဝင်ဘာ ၂၂ ရက်နေ့က SSPP/SSA မှ ဗဟိုကော်မတီဝင် စိုင်းနော်ခမ်းက မဇ္ဈိမသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့က တိုက်ပွဲများ ရပ်တန့်ရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် အကြိုညှိနှိုင်းဆွေးနွေးခဲ့သည်။

၂၀၁၂ ခုနှစ်က အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...