ငြိမ်းချမ်းရေး တောင်းဆိုဖို့ ၈၈ နှင့် အနုပညာရှင်များ ပူးပေါင်းပြီ

ငြိမ်းချမ်းရေး တောင်းဆိုဖို့ ၈၈ နှင့် အနုပညာရှင်များ ပူးပေါင်းပြီ
by -
မဇ္ဈိမ
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း၌ ဖြစ်ပွားနေသည့် စစ်ပွဲများရပ်တန့်ကာ ငြိမ်းချမ်းရေး တောင်းဆိုသည့် လှုပ်ရှားမှုတစ်ရပ်ကို အနုပညာရှင် အချို့နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။

"အဓိက ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်ပြီးတော့ ငြိမ်းချမ်းရေးဖော် ဆောင်နိုင်အောင်၊ နောက် စစ်ဘေးရှောင်တွေ အန္တရယ်ကင်းအောင် ဘယ်လို ကူညီနိုင်မလည်းဆိုတာ စဉ်းစားပြီးတော့ လှုပ်ရှားမှု တစ်ခု လုပ်ဖို့ပါပဲ"ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင် ကိုဂျင်မီက ပြောသည်။

နိုင်ဝင်လာ ၂၃ရက်နေ့၊ နေ့လည်(၁)နာရီက ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်း၌ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းလှုပ်ရှားမှုတွင် ရန်ကုန်မြို့တွင်း၌ အလှူငွေ ကောက်ခံခြင်း၊ သီချင်းတွေ ဆိုခြင်း၊ ကဗျာရွတ်ခြင်း၊ ပန်းချီဆွဲခြင်းများ လုပ်ဆောင်ကာ ရရှိလာသည့် အလှူငွေများကို စစ်ဘေးရှောင် ပြည်သူများအား သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသည့် စစ်ဘေးရှောင်ပြည်သူများနှင့် ထပ်တူ ခံစားရမှုကို ပြသရန်အတွက်ဖြစ်ပြီး ယင်းအခြေနေကို ဖြေရှင်းပေးရန်မှာ လက်ရှိအစိုးရ၏ တာဝန်သာ ဖြစ်ကြောင်း ဆွေးနွေးပွဲ ဆက်ရောက်ခဲ့သည့် ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။

"အစ်မတို့က ဒီစစ်ဘေးရှောင် ပြည်သူတွေနဲ့ ထပ်တူ ရင်ထဲမှာ စိတ်မကောင်းဖြစ်ရတယ်ဆိုတာကို ပြချင်တာပါ။ အကျိုးသက်ရောက်မှုဆိုတာထက် ကိုယ့်ရင်ထဲမှာ ရှိအောင် ပြချင်တာပါ။ အစ်မတို့ အနုပညာရှင်တွေလည်း ပြည်သူတွေ ပါပဲ။ ပြည်သူတွေတောင် စိတ်မကောင်း ဖြစ်တယ်ဆိုရင် လက်ရှိအစိုးရက ပိုပြီးတောင် စိတ်မကောင်း ဖြစ်သင့်တယ်။ လုပ်ပေးသင့်တယ်ပေါ့နော်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ အစ်မတို့ တိုင်းပြည်မှာက ဘယ်လောက်ပြောပြော လုပ်ပေးချင်မှ ပေးတာလေ။ ဒါပေမယ့် အစ်မတို့ကတော့ ပြောနေရမှာပဲ"ဟု ဆိုသည်။

အဆိုပါ လှုပ်ရှားမှုတွင် အနုပညာရှင်များ၊ နိုင်ငံရေးအင်အားစုများ၊ ကျောင်းသားများ၊ တက်ကြွလှုပ်ရှား သူများ၊ ကဗျာဆရာများ၊ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပထမအကြိမ် အစည်းအဝေးအဖြစ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လင်းလူ့အဖွဲ့အစည်းရုံးတွင် ပြုလုပ်သွားမည် ဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...