လက်ပန်းတန်းကျောင်းသားအရေးကိစ္စတွင် စုံစမ်းမှုသာ ပြုလုပ်ခဲ့ပြီး ကျောင်းသားများဖမ်းဆီးမှု နှင့် ပတ်သက်၍ နောက်ဆက်တွဲလုပ်ဆောင်မှု တစ်စုံတစ်ရာကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း FORUM-ASIA မှ Professor Kyong WhanAhn က ပြောသည်။
“၂၀၁၁ က စတည်ထောင်တယ် အခု၂၀၁၄ ရောက်လာပြီ။ စုံစမ်းစစ်ဆေးမှုတွေကို သေသေချာချာ မလုပ်ဘဲ ဟိုအစတုန်းကလိုအဖြစ်ပဲ လုပ်နေတဲ့အတွက် အသိပြုမှုခံရမှု တာဝန်ခံမှုတွေကို ပိုပြီးတော့မှ အားနည်းစေတယ်”ဟု FORUM-ASIA မှ Country Programme Manager Ms Betty Tolanda က ပြောသည်။
လူ့အခွင့်အရေးချိုးဖောက်မှုအနေဖြင့် ရဲဝန်ထမ်းများက ဥပဒေနှင့်မညီဘဲ ရိုက်နှက်မှုများအတွက် ကော်မရှင်ကို တိုင်ကြားသော်လည်း အာဏာပိုင်အဖွဲ့အစည်းကို တရားစွဲဆို၍မရဘဲ သဝဏ်လွှာသာ ပေးပို့၍ ရသည်ဟု ပြန်လည်ဖြေကြားကြောင်း ဗကသ အဖွဲ့ဝင် ကျောင်းသား အောင်မင်းခိုင်က ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ပန်းတန်းကျောင်းသားသပိတ်ကို မတ်လ ၁၀ရက်က ရဲများက ဖြိုခွင်းခဲ့ပြီး ကျောင်းသားများ နှင့် ဝန်းရံသူများကို ရိုက်နှက် ဖမ်းဆီးခဲ့သည်။
ယင်းလုပ်ရပ်တွင် ရိုက်နှက်ဖမ်းဆီးမှုမှာ ရဲတပ်ဖွဲ့၏ လုပ်ထုံးအဆင့်များကို ကျော်လွန်ခဲ့သည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။ သို့သော် အရေးယူဆောင်ရွက်သည့် အပိုင်းကိုမူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ကော်မရှင်က တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိပေ။
ရဲတပ်ဖွဲ့၏ လုံခြံုရေးစီမံချက်၌ "သတိပေးတားမြစ်သော်လည်း လူစုမကွဲပါက အင်အားပိတ်ဆို့ လူစုခွဲခြင်း၊ ရေလုံးဖြင့် လူစုခွဲခြင်း၊ အသံဖြင့်ခြောက်လှန့်၍ လူစုခွဲခြင်းတို့ဖြင့် ဆောင်ရွက်ရမည်" ဟုသာ ဖော်ပြထားကြောင်း သိရသည်။







