“ ဒီလိုမျိုး ပညာပေးသင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျေးရွာသားများ မဲပေးတတ်စေဖို့နဲ့ ပယ်မဲမဖြစ်စေဖို့ရယ်၊ သူတို့ မဲပေးရမယ့်လွှတ်တော် သုံးရပ်ဆိုတာတွေကို သိရှိနားလည်ဖို့အတွက် ပြုလုပ်ပေးတာဖြစ်ပါတယ်” ဟု ပေါက်တောမြို့ လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးဦးကျော်ဝင်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
အဆိုပါ ပညာပေးသင်တန်းတွင် ပယ်မဲဖြစ်ရခြင်းအကြောင်း၊ ခိုင်လုံမဲဖြစ်ရခြင်းအကြောင်း၊ မိမိမြို့နယ်မှ မည်သူက မည်သည့်တံဆိပ်ဖြင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ပြည်နယ်လွှတ်တော်များတွင် ဝင်ရောက်အရွေးခံမည်ဆိုသည်များကိုရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
“မဲတစ်ပြားဟာဆိုရင် မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်အတွက် အရေးပါပြီးတော့ ပြောင်းလဲမှုကို ဖြစ်စေနိုင်တယ်။၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တွေကို ဖန်တီး ပေးနိုင်မယ့် လူတွေကိုပဲ ရွေးချယ်ပေးကြပါလို့ ရွာသားတွေကို တိုက်တွန်းခဲ့ပါတယ်” ဟု ဦးဦးကျော်ဝင်းကပြောသည်။
အဆိုပါရွေးကောက်ပွဲ ပညာပေးအလုပ်ရုံဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည့် ပါတီများမှ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း တက်ရောက်ခဲ့ကြ သည်ဟု သတင်းရရှိသည်။
ပေါက်တောမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲပေးခြင်းသည် ရွေးကောက်ပွဲအတွက် အရေးကြီးသည့်အတွက် ပြည်သူများစိတ်ဝင်တစားဖြင့် မဲပေးကြဖို့နှင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်သူများ၌ မဲပေးဖို့ တာဝန်ရှိကြောင်း ရှင်းပြခဲ့သည်ဟုသိရသည်။
ကျေးရွာသားများအနေဖြင့် မိမိတို့ကျေးရွာသို့ ပြန်ရောက်သွားပါက မဲပေးခြင်းဆိုင်ရာပညာပေးမှုများကို ရွာသားများအား မျှဝေပေးရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကထပ်မံပြောကြားခဲ့သည်။
ပေါက်တောမြို့နယ်၌ အစပိုင်းတွင် ၂၀၁၅ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းနေကြသော်လည်း နောက်ပိုင်းတွင် စိတ်ဝင်စားမှု ပိုရှိလာသည်ကို တွေ့ရသည်ဟု ပေါက်တောမြို့ လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးကျော်ဝင်းကပြောသည်။




