ဒေသခံချင်းတိုင်းရင်းသားများမှာ အလုပ်အကိုင်ရှားပါးသောသည့်အပြင် နေ့စား ကျောင်းဆရာမ ခေါ်ယူရာတွင် ပြည်နယ်ခြားမှ လာရောက်ဖြေဆိုသူများကို များစွာခေါ်ယူဖြေဆို စေသောကြောင့် ဒေသခံများအတွက် အခွင့်အရေးပိုမိုဆုံးရှုံးသည်ဟုဆိုကာ ဒေသခံ (၅၀)ဦးက လက်မှတ်ရေးထိုးပြီး နေပြည်တော်၊ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ စာပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဆရာမနေ့စား ရရှိရန် လျှောက်ထားသူပေါင်း (၁၃၃၃)ဦးရှိပြီး စက်တင်ဘာ ၁၉ ရက်နေ့က အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရာတွင် ဒေသခံ ချင်းတိုင်းရင်းသား/သူ (၃၃၀)ဦးနှင့် ပြည်နယ်ခြားမှ လာရောက်ဖြေဆိုသူ (၆၁၉) ဦး စုစုပေါင်း (၉၄၉)ဦးရှိကြောင်း သိရသည်။
ယင်းကိစ္စအပေါ် မင်းတပ်ခရိုင် ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “လောလောဆယ်တော့ အလုပ်တွေက မခန့်သေးပါဘူး။ စာမေးပွဲတော့ ဖြေနေကြတယ်။ ပြည်နယ် အစိုးရက နေခန့်မလား၊ ပြည်နယ်ပညာရေး ညွှန်ကြားမှုဦးစီးဌာနရုံးကနေခန့်မလား။ ဘယ်သူခန့် မယ်ဆိုတာ မသိရသေးဘူး၊ နောက်ပြီး မေးခွန်းပေါက်တယ်ဆိုတာတော့ ကိုယ့်တွေ့မျက်မြင် မဟုတ်တော့ ပေါက်တယ်။ မပေါက် ဘူးလို့ ပြောရခက်တာပေါ့။ ဒါက မြို့နယ်ပညာရေးမှူးက ကြီးမှူးကျင်းပတဲ့ ကိစ္စဖြစ်တယ်။ အဲဒါကြောင့် အတိအကျ မပြောနိုင်ဘူး”ဟု ပြောသည်။
အရည်အချင်းစစ်စာမေးပွဲဖြေဆိုရာတွင် ခွဲခြားမှုများရှိနေပြီး ပြည်မမှ လာရောက်ဖြေဆိုသူများကို တစ်ရက်စောပြီး ဖြေဆိုခိုင်းကြောင်း၊ မေးခွန်းများလည်း ကြိုတင်ပေါက်ကြားနေသဖြင့် ဒေသခံဖြေဆို သူများထက် ပြည်မမှ လာရောက်ဖြေဆိုသူများက ပိုမိုဖြေဆိုနိုင်ကြောင်း၊ ဒေသခံတိုင်းရင်းသား လူမျိုး များကိုသာ ဦးစားပေးခန့်အပ်ပေးနိုင်ရန် နိုင်ငံတော်မှ ညွှန်ကြားထားသော်လည်း လက်တွေ့တွင် ကွဲလွဲမှုများရှိကြောင်း မင်းတပ်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“သီးခြားဖြေခိုင်းတာတော့ မရှိပါဘူး။ အတူတူ ဖြေခိုင်းပါတယ်။ ဗမာပြည်ကလာတဲ့ ကလေးတွေ ကျတော့ နေရထိုင်ရတာ၊ တည်းခိုခန်း၊ အစားအသောက်စရိတ်ကုန်ကျမယ်ဆိုပြီး မြို့နယ်ပညာရေမှူးရဲ့ အစီအစဉ်နဲ့ လုပ်တဲ့ကိစ္စဖြစ်မယ်။ ကျွန်တော်က ပြောသံတော့ ကြားတယ်။ တိတိကျအဖြတော့ မပေးနိုင်ပါဘူး။ တိုင်တယ် တော်တယ်ဆိုတာလည်း အမှု၊ သက်သေအထောက်အထား ခိုင်လုံမှမှန် ကန်တယ်လို့ ပြောရမှာပေါ့”ဟု ခရိုင်ပညာရေးမှူးရုံးမှ အရာရှိတစ်ဦးက ပြောသည်။
အဆိုပါ တိုင်ကြားကန့်ကွက်စာများကို ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်အပါအဝင် အဖွဲ့ပေါင်း (၁၃)ဖွဲ့ကို လိပ်မူပြီး မင်းတပ်ဒေသခံ(၅၀)ဦးမှ စုပေါင်းလက်မှတ်ရေးထိုးထားကြောင်း သိရသည်။







