ချင်းအမျိုးသားတပ်ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်အတွင်း ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေကြောင်း၊ အပစ်ရပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲမှ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းသွားမည်ဟု အောက်တိုဘာ ၂ ရက်က တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒီထုတ်ပြန်ချက်ထဲမှာတော့ ကျွန်တော်တို့ အပစ်ရပ်လက်မှတ်ထိုးရတဲ့အကြောင်း အရင်းတွေ ပါပြီးသားပါ။ ဒီထုတ်ပြန်ချက်အပြင် ဒီထက်လေးနက်တဲ့ အကြောင်းအရာတော့ မရှိပါဘူး”ဟု ချင်းအမျိုးသားတပ်ဦး-CNF မှအတွင်းရေးမှူး ဒေါက်တာရွှေခါးက ဆိုသည်။
လက်ရှိတွင် NCA ကို ချင်းအမျိုးသား တပ်ဦး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားကြပြီး အပစ်ရပ်စာချုပ်ကို အောက်တိုဘာ ၁၅ ရက်၊ နေပြည်တော် တွင် ပြုလုပ်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကြေညာထားပြီး ဖြစ်သည်။
NCA လက်မှတ်ရေးထိုးရေးသည် အဆင့် ရ ဆင့်ရှိပြီး လက်ရှိအဆင့် မှာ ပထမအဆင့်သာ ဖြစ်ကြောင်း၊ အပစ်ရပ်ရေးမှတဆင့် အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများသို့ တက်လှမ်းကာ ချင်းအမျိုးသားများ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရတ်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်သူတွေနဲ့ လက်တွဲသွားမည်ဟု ချင်းအမျိုးသား တပ်ဦးက ထုတ်ပြန်ထားသည်။







