ရခုုိင်တွင် မဲဆွယ်စည်းရုံးရေး လုပ်ရာ၌ အခက်အခဲနည်းပါး

ရခုုိင်တွင် မဲဆွယ်စည်းရုံးရေး လုပ်ရာ၌ အခက်အခဲနည်းပါး
စံမောင်သန်း —၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာလ ၈ နေ့မှ စတင်ပြုလုပ်လျက်ရှိရာ သိသာသည့် အခက်အခဲများ မကြံုရဟု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပါတီများထံမှ သိရှိရသည်။

“မဲစာရင်း မှားယွင်းမှု တစ်ခုသာ အခက်အခဲလို့ပြောရမှာပေါ့။ ဒီနေ့ထက်ထိတော့ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီးတော့ တိုင်တန်းမှုတွေက ပြည်နယ်အဆင့်မှာတော့ မရှိသေးပါဘူး။ အခက်အခဲမရှိရအောင် အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေပါတယ်။ ကော်မရှင်အနေနဲ့ ဘူးတောင်ဘက်ကို ခရီးသွားတဲ့နေရာမှာပဲ အခက်အခဲ ကြံုရပါတယ်။ ခရီးစဉ်တစ်ခုသွားမယ်ဆိုရင် ၂-၃ ရက် ကြိုတင်ပြီးသွားရတယ်။ သွားလာရေးမြန်ဆန်ဖို့တွက် စက်လှေပေါ်မှာ ဆိုင်ကယ်တွေကို တင်ဆောင်သွားရပါတယ်”ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြကပြောသည်။

ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများသည် မေးဆွယ်စည်းရုံးရေးအတွက် အနှောင့်အယှက်မဖြစ်၊ အခက်အခဲမရှိဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ တွင် ရခိုင်အမျိုးသားပါတီမှ ၀င်ရောက်အရွေးခံမည့်  ဦးဦးသန်းနိုင်က ပြောသည်။

“မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အခက်အခဲ ထူးထူးခြားခြားတော့ မတွေ့ရပါဘူး။ ကျောက်တော်မှာ တစ်ခုပဲ အခက်အခဲရှိပါတယ်။ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဘီနိုင်းစ ထောင်ထားတာကို ဓါးနဲ့ဖျက်ဆီးခဲ့တယ်ဆိုပြီးတော့၊ အဲဒါတစ်ခုတော့ ရှိပါတယ်”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရခိုင်ပြည်နယ်အတွင်းရေးမှူး ဒေါက်တာစန်းရွှေက နိရဥ္စရာ သတင်းဌာန သို့ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ရခိုင်ပြည်နယ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်လှအေးကလည်း မဲဆွယ်စည်းရုံးရေး လုပ်ရာတွင် အခက်အခဲတစ်စုံတစ်ရာမရှိသော်လည်း တစ်ချို့ကျေးရွာများတွင် ပြည်သူများ အနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါမပါ မသိရှိသူများပြားနေသည်ဟု ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နိုင်ငံရေး ပါတီ ၂၁ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် မဲပေးနိုင်သူပေါင်း ၁၄၇၅၈၃၀ ဦးရှိပြီး ထိုအထဲတွင် တပ်မတော်သား ၂၂၆၁၅ ဦးရှိပြီး ရဲတပ်ဖွဲ့ဝင်ပေါင်း ၆၇၉၅ ဦးရှိသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် မဲရုံပေါင်း ၂၅၅၀ ကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး မဲရုံဝန်ထမ်း ၃၃၉၁၄ ယောက်ကို ခန့်အပ် တာဝန်ပေးသွားမည်ဟု သိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...