ဆလိုင်းရှယ်အောင်က “ကျွန်တော်တို့ မနက်ပိုင်းမှာပဲ ပါတီကလူတွေ လူငယ်တွေပေါင်းပြီး ထောင်ထားတာဖြစ်တယ်။ ညမှာ အဖျက်အစီးခံရတယ်။ ကျွန်တော်တို့ မနက်ပိုင်းမှာပဲ သိရတယ်။ သိသိချင်း ပါတီကို အကြောင်းကြားပြီး ရဲစခန်းနဲ့ ကော်မရှင်ရုံးကို စာပို့ထားပါတယ်”ဟု ပြောသည်။
အဖျက်အစီးခံရသည့် ဆိုင်းဘုတ်ကို မင်းတပ်မြို့နယ် အနောက်ရပ်ကွက် ကန်ပလက်မြို့သို့ သွားသည့် လမ်းဆုံတွင် ထောင်ထားခြင်းဖြစ်ပြီး မင်းတပ်မြို့နယ်မှ ဝင်ရောက်အရွေးခံမည့် CNDP မှာ ကိုယ်စားလှယ်လောင်းများ၏ ပုံများကို ကပ်ထားခြင်းဖြစ်သည်။
ဆလိုင်းရှယ်အောင်က “ရွေးကောက်ပွဲကာလမှာ ထုံးစံအတိုင်း ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်တာ ပေါ့။ ဆိုင်းဘုတ်က အားလုံးစုတ်ဖြဲထားတယ်။ တခြားပါတီရဲ့ ဆိုင်းဘုတ်တွေ အဖျက်အစီးခံရ တာတော့ မရှိဘူး။ ကြားလည်းမကြားမိဘူး”ဟု ပြောသည်။
သူက ဆက်ပြီး မင်းတပ်မြို့တွင် လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များအနေဖြင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီကို ဝန်းရံရန် ဆုံးဖြတ်ထားခြင်းဖြစ်သည့်အတွက် မနာလိုသည့် အုပ်စုအချို့၏ ဖျက်စီးခြင်းဟု ထင်ထားကြောင်းနှင့် ယခုကဲ့သို့ လုပ်ရပ်ကြောင့် ပါတီ ပိုနာမည်ကြီးဖို့သာ ရှိသည်ဟု ခံယူထားကြောင်း ပြောသည်။
ချင်းပြည်နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နေရာများအတွက် မဲဆန္ဒနယ် (၃၉) နေရာရှိပြီး ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့ နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် (၁၃) ပါတီမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း (၂၀၂) ဦးနှင့် တသီးပုဂ္ဂလ (၇) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။







