“ကျွန်တော်တို့ရဲ့ ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းရယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းရယ် ဒီနေ့ ကစုကိုင်းအုပ်စုနဲ့ ဒလက်အုပ်စုကို စပြီးတော့ဆင်းပါပြီ”ဟု ရခိုင်အမျိုးသားပါတီ အမ်းမြို့နယ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
ကစုကိုင်းအုပ်စုတွင် ကျေးရွာပေါင်း ၉ ရွာနှင့် ဒလက်အုပ်စုတွင် ရွာပေါင်း ၅၀ ကျော်ရှိသည်ဟု သိရသည်။
“ကျွန်တော်တို့ အောက်တိုဘာလ ၅ ရက်နေ့မှာ ရှောက်ခြံုကျေးရွာမှာ ဟောပြောဖို့ စီစဉ်ထားပါတယ်။ ဟောပြောတဲ့နေရာ မှာ ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁ မှာဝင်ပြိုင်မယ့် ဒေါ်ခင်လှရီပါတယ်။ ပြည်သူ့လွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်သန်းလှိုင် ပါပါတယ်”ဟု ဦးဇော်မင်းကပြောသည်။
အောက်တိုဘာလ ၈-၉-၁၀ ရက်များတွင် ဗဟိုအောင်နိုင်ရေးကော်မတီမှ ဦးခိုင်ပြည်စိုးနှင့် ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် တို့ လာရောက်အားဖြည့် ဟောပြောမည်ဟု သိရသည်။
“ကျွန်မအနေနဲ့ လူထုယုံကြည်မှုကိုတော့ ရထားပါပြီ။ ရခိုင်ပြည်နယ်ပြောင်းလဲပြီး ဖွံ့ဖြိုး တိုးတက် အောင်လုပ်မယ်ဆိုတဲ့ သဘောတရားတွေ နဲ့ ဟောပြောသွားမှာဖြစ်ပါတယ်။ ယခုတစ်ခေါက် ဆိုရင်တော့ အမ်းမြို့နယ်ထဲမှာ လူထုနဲ့ထိတွေ့မှုက ဆယ်ခေါက်မြောက် ဖြစ်ပါ တယ်။ အောင်နိုင်ရေးက ပထမဦးဆုံးဖြစ်ပါတယ်။ စည်းရုံးရေးကတော့ ရေလွှမ်းခံရပြီး တောက်လျှောက် ဆင်းခဲ့ပြီးပါပြီဟု” အမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မြေတွင် ၀င်ရောက် အရွေးခံမည့် ဒေါ်ခင်လှရီက နိရဥ္စရာသတင်းဌာနသို့ပြောသည်။
ဒေါ်ခင်လှရီအနေဖြင့် ပြည်သူလူထုနှင့်ဆက်ဆံမှု၊ ပြည်သူလူထု ထောက်ခံကြိုဆိုမှုကို ကြည့်ရသည်မှာ နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ပြောသည်။




