ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများဖြစ်သော ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ မြိုအမျိုးသားပါတီ၊ မြိုအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသား တိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးသာစိန်နှင့် ဦးဝင်းမောင်တို့နှင့် ရွေးကောက်ပွဲကော်မရှင်တို့ တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲကို ဆွီဇာလန်အခြေစိုက် Humanitarian Dialogue အဖွဲ့က စီစဉ်ကျင်းပ ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြအောင်က အဖွင့်မိန်းခွန်းစကားပြောကြားပြီး၊ Humanitarian Dialogue အဖွဲ့မှ အာရှဒေသညွှန်ကြားရေးမှူးနှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြတို့ကလည်း အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။
“၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့ပေမယ့် စောဒကတက်မှုတွေ အများကြီး ဖြစ်ပေါ် ခဲ့ပါတယ်။ နိုင်ငံရေး အတွေ့အကြံုနည်းပြီး ရင့်ကျက်မှု မရှိတဲ့အတွက် အဲ့ဒီလိုဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ကျင့်ဝတ်တွေ သတ်မှတ်ထား တဲ့အတွက် ရွေးကောက်ပွဲဟာလည်း အဆင်ပြေနုုိင်လိမ့်မယ်လုုိ့ ယုံကြည်ပါတယ်”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမြအောင်ကပြောသည်။
Humanitarian Dialogue အာရှဒေသညွှန်ကြားရေးမှူးကလည်း နိုင်ငံရေးပါတီများအနေဖြင့် ကျင့်ဝတ်များကို လက်မှတ်ရေးထိုး၍ ကျေးဇူးတင်ကြောင်း၊ ရခိုင်ပြည်နယ်တွင် မြို့နယ်အဆင့် လက်မှတ်ရေးထိုးမှုများကိုလည်း ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျင့်ဝတ်အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ မျှော်လင့်ပြီး ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးဆုံးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
“ နုုိင်ငံရေးပါတီတွေနဲ့ ကုုိယ်စားလှယ်တွေရဲ့ ကျင့်ဝတ် ပေါ်ပေါက်ဖုုိ့ ၂၀၁၄ အောက်တုုိဘာလမှာ ယာယီလုုပ်ငန်းကော်မတီက မူကြမ်းရေးဆွဲခဲ့ပါတယ်။ ၂၀၁၅ မတ်လမှာ အားလုုံးညှိနှိုင်းပြီးတော့ ဧပြီလမှာ ကော်မရှင်က သုုံးသပ်ခဲ့ပါတယ်။ မေလ ၁၅ရက်မှာတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ နုုိင်ငံရေးပါတီ အားလုုံးက သဘောတူ လက်ခံခဲ့ပါတယ်။ ဇွန် ၂၆ရက်နေ့မှာတော့ ရန်ကုုန်မြို့နုုိင်ငံရေး ပါတီတွေက ကျင့်ဝတ် သဘောတူညီချက်ကုုိ လက်မှတ်ရေးထုုိးခဲ့ကြပါတယ် ” ဟုု ရခုုိင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဆုုိသည်။
Humanitarian Dialogue အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက် ရည်စူးကာ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပွဲများကို ရခိုင်ပြည်နယ် တစ်ခုတည်း၌သာ ပြုလုပ်လျက်ရှိပြီး ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပွဲမပြုလုပ်မီ မြို့နယ်အဆင့် လက်မှတ်ရေးထိုးပွဲကို မြို့နယ် ၈ ခုတွင် ပြုလုပ်ခဲ့ပြီဟု သိရသည်။
Humanitarian Dialogue အဖွဲ့သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပါ၀င်လုပ်ဆောင်နေသည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ်ပြီး၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအတွက် လုပ်ဆောင်နေသည်မှာ သုုံးနှစ်ကျော် ရှိပြီဖြစ်ကာ ရခုုိင်ပြည်နယ် အစုုိးရနှင့် နုုိင်ငံရေးပါတီများ လူမှုအဖွဲ့အစည်းများနှင့် လက်တွဲလုုပ်ဆောင် လျက်ရှိသည်။




