“NLD အနေနဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ရခိုင်လူထုရဲ့ တိုက်ခိုက်ဝေဖန်မှုကို ခံရပြီးတော့ ၂၀၁၄ ခုရောက်မှ အမြင်ကြည်လင်လာကြပါ တယ်။ ရခိုင်ပြည်နယ်နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ အခြားပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်”ဟု ဦးသင်ခါကျော်ကပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် အမျိုးသားရေးလှုံ့ဆော်မှုများရှိနေ၍ NLD အနေဖြင့် ရခိုင်ပြည်သူများအား နားလည်အောင်ရှင်းပြနေရသည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွ ခရီးစဉ်အနေဖြင့် သံတွဲသို့ အောက်တိုဘာလ ၁၆ ရက်တွင် ရောက်ရှိလာမည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအားလုံးကို သံတွဲသို့ အောက်တိုဘာလ ၁၅ အရောက် ဖိတ်ခေါ်ထားသည်ဟု သိရသည်။
ဒေါ်စုအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မသွားရောက်နိုင်ခြင်းမှာ ကော့မူးမြို့နယ် မဲဆွယ်စည်းရုံးရေး ရက်နှင့်နီးကပ်သွား၍ဖြစ်သည်ဟု ဦးသင်ခါကျော်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအောင်နိုင်ရေးဥက္ကဋ္ဌ၊ ပါတီ နာယက ဦးတင်ဦးသည် ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားခရီးစဉ်အတွက် အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာမည်ဟု သိရသည်။
NLD သည် စစ်တွေမြို့နယ်တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာလ ၁၉ ရက်ကစတင်ခဲ့ပြီး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များတွင် စက်တင်ဘာလ ၁၀ ရက်မှစကာ မဲဆွယ်စည်းရုံးနေပြီဖြစ်သည်ဟု သိရသည်။
NLD သည် ၁၉၉၀ ခု ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်တွင် အမတ်နေရာ ၃ နေရာခန့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။




