တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နိုင်ဇော်မိုး(ခ)နိုင်ရဲဇော် (ကျိုက်မရောမြို့နယ်- မဲဆန္ဒနယ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်း)

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နိုင်ဇော်မိုး(ခ)နိုင်ရဲဇော် (ကျိုက်မရောမြို့နယ်- မဲဆန္ဒနယ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်း)
by -
မွန်အေဂျင်စီ
မေး - လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဘာကြောင့် အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာလဲ။ဖြေ - ပြည်သူ့အရေးကို ဆောင်ရွက်ပေးဖို့ အများအကျိုးကိုဆောင်ရွက်ပေးဖို့ ဆန္ဒကငယ်ငယ်က တည်းက ရှိပါတယ်။ နိုင်ငံရေး အပေါ်စိတ်ပါဝင်စားမှုကလည်း ငယ်ငယ်ကတည်းက ကြီးမားပါတယ်။ အခုလို ပါတီစုံဒီမိုကရေစီအခင်းအကျင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ကိုယ်စားပြုခွင့် ကတော့ နိုင်ငံရေးအရပါဝင်လိုမှုအနေနဲ့ရော၊ ပြည်သူလူထု အကျိုးဆောင်ရွက်ပေးနိုင်မှုနဲ့ပါ ကိုက်ညီတဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မေး - အခုလို ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ် အရွေးချယ်ခံရခြင်းက မွန်လူမျိုးတွေ၊ မွန်ပြည်နယ်သားအတွက် ဘာတွေ အထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ - ကိုယ်စားလှယ်လောင်းအဖြစ်အရွေးချယ်ခံရရင်တော့ အများကြီးအထောက်အကူပြုနိုင်မှာပါ။ နိုင်ငံရေး၊ စီးပွားရေး၊ အမျိုးသားရေး၊ အမြင် ၃ ရပ်အရလက်ရှိ ဖွဲ့စည်းပုံပါအချက်တွေထဲက နယ်မြေ ဒေသအတွက် ဘာတွေလုပ်နိုင်မလဲ၊ လုပ်နိုင်တာတွေဦးစွာလုပ်မယ်၊ မလုပ်နိုင်တာတွေကို လုပ်နိုင်အောင်ဖွဲ့စည်းပုံကို ဘာတွေဖြည့်စွက်ပြင်ဆင်ရမလဲ၊ အတတ်နိုင်ဆုံးကြံဆမယ်။ ဥပဒေတွေ ဘာပြင်သင့်လဲ၊ ဘာတွေအသစ်ရေးဆွဲသင့်သလဲ၊ ပြင်သင့်ရင်ပြင်ဖို့တင်ပြရမယ်။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ အဓိကအကျဆုံးကတော့ မိမိဒေသမှာရှိတဲ့ ပြည်သူလူထုရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ လမ်း၊ တံတား၊ စီးပွားရေး၊ သဘာဝဘေးအန္တရယ်၊ ပညာရေး၊ လူမှုရေးတွေ လုံးဝ မျက်ခြေပြတ်လို့မဖြစ်ဘူး ထိတွေ့သိရှိ လိုတာတွေတင်ပြ တောင်းဆိုတိုက်ယူပေးနေဖို့လိုပါတယ်။ ဒါတွေ ဆောင်ရွက်ပေးသွားပါ့မယ်။

မေး - တကယ်လို့ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီးဆိုပါက မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်သား တွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။
ဖြေ - အရွေးခံရရင် သေချာတာကတော့ မွန်ပြည်နယ်နဲ့ မွန်လူမျိုးတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကြိုးစားဆုံးသူဖြစ်မှာသေချာတယ်။ ကျွန်တော်အရွေးခံမှာတော့ ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်-၂ ပါ။

လယ်ယာချောင်းမြောင်းပေါတဲ့ဒေသပါ။ စိုက်ပျိုးရေးနည်းပညာတိုးတက်ဖို့ လိုအပ်ပါတယ်။ ရေနက် ကွင်းတွေ ရှိပါတယ်။ ရေထုတ်နိုင်ခဲ့ရင် စိုက်ပျိုးမြေတွေ တိုးလာမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့တဲ့မြစ်ရေတင်စိုက်ပျိုးရေး စီမံကိန်းလဲရှိတဲ့နေရာဖြစ်ပါတယ်။ ပြန်ပြီး သုံးသပ် ဆောင်ရွက်ချင်ပါတယ်။

မေး - အခု ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ အန်ကယ်အနေနဲ့ မြင်ပါသလဲ။
ဖြေ - ဘိလပ်မြေစက်ရုံရဲ့ သဘာဝဝန်းကျင်ထိခိုက်မှုကို ထိန်းချုပ်ဖို့နဲ့ ကြံရွယ်နေတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းကို ဟန့်တားသွားဖို့ရှိပါတယ်။ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မှု များပြားခြင်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကလဲ ဒီဒေသရဲ့ ပြသာနာပါပဲ။

မေး - ဟုတ်ကဲ့ အခုလိုအပ်နေတယ်လို့ ထင်တဲ့ ကိစ္စရပ်တွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါက ဘယ်ကိစ္စရပ်ကို ပထမဆုံး ဦးစားပေး လုပ်ဆောင်ပေး သွားမယ်ဆိုပြီးတော့ စဉ်းစားထားပါသလဲ ခင်ဗျာ။
ဖြေ - ပထမဆုံးဦးစားပေးလုပ်ဆောင်သွားမှာကတော့ လူထုတွေရဲ့နေ့တဒူဝရင်ဆိုင်နေရတဲ့ စားဝတ် နေရေး၊ သွားလာရေး၊ ပညာရေး အခြေခံလိုအပ်ချက်တွေအနည်းဆုံးဖြစ်ဖို့ အမြန်ဆောင်ရွက်ပေး ချင်တယ်။

မေး - နောက်တစ်ခုက မွန်ပြည်နယ်ရဲ့ လိုအပ်ချက်တွေအမျိုးမျိုးထဲက ဘယ်အရာတွေကို လုပ်ကိုင်ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။
ဖြေ - စိုက်ပျိုးရေးနည်းပညာ၊ ပြီးရင်အလုပ်အကိုင်အခွင့်အလမ်း၊ ပြီးတော့ သဘာဝဝန်းကျင် ထိန်းသိမ်းရေး၊ အမျိုးသားရေး၊ အမြဲတမ်းအပြိုင်မြှင့်တင်နေရမှာကတော့ပညာရေးပေါ့။

မေး - မွန်လူမျိုးတွေအတွက်ကော ဘာတွေ လုပ်ကိုင်ဆောင်ရွက်သွားဖို့ စဉ်းစားထားပါသလဲ။
ဖြေ - မွန်လူမျိုးတွေအတွက်ကတော့ ခိုင်မာတဲ့ မွန်သမိုင်းကျမ်းကြီးတစ်ခုပြုစုချင်တယ်။ မွန်စာ ပေသင်ကြားရေး ဒီထက်တိုးတက်ချင်တယ်။ ယဉ်ကျေးမှု၊ အနုပညာထိန်းသိမ်းမြှင့်တင်ပေးချင်တယ်။ နောက်ဆုံး မွန်အမျိုးသားနေ့ရုံးပိတ်ရက် ရချင်တယ်။

မေး- မဲဆန္ဒရှင်တွေကို မီဒီယာကနေ ဘာများမှာကြားလိုပါသလဲ။
ဖြေ - မဲဆန္ဒရှင်တွေအတွက်မှာကြားလိုတာက မွန်လူမျိုးနဲ့မွန်ဒေသအတွက် နိုင်ရဲဇော် အလုပ်အကြွေး ပြုလျှက်ပါ။ ဒီထက် ပိုးပြီး ထိထိရောက်ရောက်အလုပ်အကျွေးပြုနိုင်ဖို့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံ အားပေးမှု မရှိမဖြစ်လိုပါတယ်။ ထောက်ခံအားပေးကြပါလို့ပြောလိုပါတယ်။

အမတ်လောင်း ကိုယ်ရေးအကျဉ်း-
အမည် - နိုင်ဇော်မိုး(ခ)နိုင်ရဲဇော်
အလုပ်အကိုင် - အငြိမ်းစား(အရာထမ်း)
ပညာအရည်အချင်း - ဝိဇ္ဇာဘွဲ့သမိုင်း၊ မဟာဝိဇ္ဇာဘွဲ့(Qualifying)/နိုင်ငံခြားဘာသာတက္ကသိုလ် (U.F.L) အင်္ဂလိပ်ဘာသာ၊
မွေးသက္ကရာဇ် -  ၂၃.၁၀.၁၉၆၂
လူမျိုး/ဘာသာ - မွန်/ဗုဒ္ဓ
မှတ်ပုံတင်အမှတ် - ၉ မမ န(နိုင်) ၀၃၅၅၇၈
လက်ရှိနေရပ်လိပ်စာ - ၁၁ အရှေ့တပ်မြေလမ်း၊ ဖက်တန်းရပ်၊ မော်လမြိုင်မြို့
အဖမည် - ဦးသော်ဇင်
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ကျိုက်မရောမြို့နယ်
ယှဉ်ပြိုင်မည့် လွှတ်တော် - ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)

စစ်ဖက်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ မြန်မာပြည့်အနှံ့ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားလူမျိုးများနှင့် ချစ်ခင်ရင်းနှီးစွာ တာဝန်ထမ်းဆောင်ခဲ့။

ရာဇဝင်ထဲကမွန်၊ ဓမ္မစေတီ မျက်ရည် နိုးထလေတော့ ဟံသာဝတီ စသည့် ထင်ရှားသည့် ကဗျာ/သီးချင်းများကို ရေးသားစပ်ဆိုခဲ့။

စာပေဟောပြောပွဲပေါင်းများစွာကို နေရာဒေသများစွာတွင် စာပေဟောပြောခဲ့။ အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းရပ်ဆိုင်းရေး လှုပ်ရှားမှုတွင် ပါဝင်လျက်ရှိပြီး အံဒင်ကို ကယ်တင်ကြကဗျာကို ရေးသားခဲ့။

လူမှုရေး/အမျိုးသားရေးလှုပ်ရှားမှုများ(အကျဉ်း)- မွန်သမိုင်းသုတေသီအနေဖြင့် ပျူနှင့် မွန်အရေး ကိစ္စတွင် မွန်တို့နှင့် ပတ်သက်ဆက်နွယ်လာသော ပျူစားတမ်းများ စာတမ်းကို ရန်ကုန်မြို့ ပျူစာတမ်း ဖတ်ပွဲ၌ ဖတ်ကြား၍ မွန်တို့ကိုယ်စား တိုက်ပွဲဝင်ခဲ့။

ဓမ္မစေတီခေါင်းလောင်းစာတမ်းအား ရန်ကုန်မြို့ စာတမ်းဖတ်ပွဲ၌ ဖတ်ကြားခဲ့ပြီး၊ သုဝဏ္ဏ ဘူမိတူးဖော်ရေးဆိုင်ရာဆောင်းပါး များ ရေးသားခဲ့။

မွန်သမိုင်းသုတေသနအသင်း (MHRA) တွဲဘက်အတွင်းရေးမှူး၊ ရှင်စောပုအမျိုးသမီး စွမ်းဆောင်ရှင်အသင်း၏ အကြံပေးပုဂ္ဂိုလ်၊ မွန်အမျိုးသားပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ သုတေသနမူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှူးအဖြစ် မွန်အမျိုးသားပါတီဝင် ပါဝင်ဆောင်ရွက်ခဲ့သည်။

Most read this week

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...