ဒုတိယအကြိမ်မဲစားရင်းကပ်ရာတွင် အမှားများသော်လည်း ရွေးကောက်ပွဲကို ကျေးရွာသားများပိုစိတ်ဝင်စားလာ

ဒုတိယအကြိမ်မဲစားရင်းကပ်ရာတွင် အမှားများသော်လည်း ရွေးကောက်ပွဲကို ကျေးရွာသားများပိုစိတ်ဝင်စားလာ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယမအကြိမ်မဲစာရင်းကပ်ခြင်းကို စက်တင်ဘာလ ၁၄ ရက်၌ စတင်ခဲ့ရာ အမှားများသော်လည်း ၂၀၁၅ ရွေးကောက်ပွဲကို ကျေးရွာသားများ ပိုမိုစိတ်ဝင်စားလာသည်ဟု ပေါက်တောမြို့နယ် ဗျိုင်းသစ်အုပ်စု ကျောက်မောင်းကျေးရွာမှ ကိုအေးကျော်မောင်၏ ပြောပြချက်အရသိရသည်။

“ဒီတစ်ခေါက်မဲစာရင်းကပ်တော့ ကျွန်တော်တို့ ကျေးရွာတစ်ရွာတည်းမှာကို မဲစာရင်းမပါသူ ၁၇၂ ယောက်၊ နာမည်မှား၊ မှတ်ပုံတင်မှားတာတွေလည်း ၁၀၀ မှာ ၂၀ ရာခိုင်နှုန်းလောက် ပါ၀င်နေပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မမွေးခင်ကတည်း သေဆုံးသွား သူတွေလည်း မဲစာရင်းထဲမှာ အများကြီးပါနေတာကို တွေ့ရပါတယ်။ မဲစာရင်းမှာပါမှ မဲပေးရမယ်ဆိုတော့ မဲစာရင်းမပါတဲ့သူတွေကို စာရင်းကောက်ပြီး မြို့နယ်ကော်မရှင်ရုံးကို တင်ပြခဲ့ပါပြီ”ဟု ကိုအေးကျော်မောင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

မဲစာရင်းတွင်မပါခြင်း၊ မှားယွင်းနေမှုများကို ကိုအေးကျော်မောင်သည် ကိုထွန်းဝင်းကြီး၊ ကိုမောင်မြင့်တို့နှင့်အတူ စက်တင်ဘာလ ၁၇ ရက်မှ စတင်ကောက်ခံပြီး ၂၂ ရက်တွင် ပေါက်တောမြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့သည်ဟု သိရသည်။

 ကျောက်မောင်းကျေးရွာမှ သဲတွေ၊ ပြင်ဖြူချိုင်၊ ကွမ်းချိုင်၊ ငမဲပြင်၊ ငရဗချိုင်စသည့် ပိုက်ဆိပ်များတွင် ရောက်ရှိနေပြီး မဲစာရင်းတွင်မပါရှိသူများကိုဖုန်းဖြင့် အကြောင်းကြားပြီး မဲစာရင်းကို သတ်မှတ်ချိန်ကာလအတွင်း ပြင်ဆင်နိုင်ရန် လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

 ထိုကဲ့သို့ လုပ်ဆောင်မှုကြောင့် အနီးအနားကျေးရွာများတွင်လည်း မဲစာရင်းတွင်ပါ၀င်မှုမရှိဘဲ၊ မှားယွင်းနေမှုများကို ကောက်ခံလာနေကြပြီး ကျေးရွာသားများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို ပိုမိုစိတ်ဝင်စားမှုရှိလာသည်ဟု ကိုအေးကျော်မောင်က ပြောသည်။

မဲစာရင်းတွင် နာမည်မှား၊ မှတ်ပုံတင်မှားမှုနှင့် မပါ၀င်မှုများကို စာရင်းကောက်ခံပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြပြီးဖြစ်သော်လည်း သေဆုံးသူများ မဲစာရင်းထဲတွင် ပါ၀င်နေမှုများကို ပယ်ဖျက်ပေးရန်မတင်ပြရသေး၍ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရာတွင် ကျောက်မောင်းကျေးရွာ၌ မဲစာရင်းကပ်ခြင်းမရှိခဲ့ဟု သိရသည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...