“တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဆိုရင် ပြည်သူတွေက မေးတာကတော့ နောက်ခံပါတီ မရှိရင် ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုမှာလဲ လို့ မေးခွန်းထုတ်ခံရတယ်။ ကျွန်တော်ဖြေရှင်းတာကတော့ အရင်တုန်းက အဖွဲ့အစည်းအနေနဲ့ဆိုရင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်ပါ တယ်။ နှစ်ပါတီ ပေါင်းစည်းလိုက်တဲ့အခါမှာလည်း ရခိုင်အမျိုးသားပါတီကပဲဖြစ်တယ်။ ပါတီတွင်း အမတ်ရွေးချယ်တဲ့အခါမှာ အရွေးမခံရတဲ့အတွက် တစ်သီးပုဂ္ဂလအဖြစ် ၀င်ပြိုင်တာဖြစ်တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ရှိရင် ရခိုင်အမျိုးသားပါတီက အနိုင်ရတဲ့ အမတ်တွေနဲ့ ပူးပေါင်းပြီးတော့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒအတိုင်း လုပ်ဆောင်မယ်လို့ ဖြေကြားခဲ့ပါတယ်”ဟု ဦးစောထွန်းစိန်က ပြော သည်။
ဦးစောထွန်းစိန်သည် ၁၉၉၀ ခုရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့အချုပ်ကို ကိုယ်စားပြုပြီး ပေါက်တောမြို့နယ်မှ အရွေးချယ်ခံခဲ့ ရသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောမကျ၍ ရွေးကောက်ပွဲမဝင်ခဲ့ပဲ ယခု ၂၀၁၅ ရွးကောက်ပွဲမှသာ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြည်သူ့လွှတ်တော်တွင် ၀င်ရောက် အရွေးခံမည်ဖြစ်သည်။
“၁၉၉၀ ခု ရွေးကောက်မတိုင်မီ မဲဆွယ်စည်းရုံးရေးကာမှာ အခက်အခဲ အမျိုးမျိုးနဲ့ ဖြတ်သန်းခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ပါတီစနစ်ကနေ ပါတီစုံစနစ်ကို ကျင့်သုံးမယ့် အပြောင်းအလဲ ကာလမို့လို့ဖြစ်တယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အခါမှာတော့ အဲ့ဒီလောက်ထိ အခက်အခဲ မတွေ့ရပါဘူး”ဟု ဦးစောထွန်းစိန်ကပြောသည်။
ဦးစောထွန်းစိန်သည် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာလ ၉ ရက်တွင် စတင်ခဲ့ပြီး ကျေးရွာပေါင်း ၂၀ ကျော်တွင် ဟောပြောခဲ့ပြီးပြီဟု သိရသည်။
အလားတူ အမျိုးသားလွှတ်တော်၌ ၀င်ရောက်အရွေးခံမည့် ဦးမောင်ထွန်းသိန်းမှာလည်း ရွာသားများကတစ်သီးပုဂ္ဂလတွေ့ပါလာရင် မဲကွဲမှာလားဆိုတော့ မေးခွန်းများမေးခံနေရကြောင်းကိုယခုလို့ပြောသည်။
“တစ်သီးပုဂ္ဂလအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါ ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ပြည်သူတွေက တစ်သီးပုဂ္ဂလတွေပါလာရင် မဲကွဲသွားမယ်ဆိုပြီးတော့ မေးခွန်းထုတ်ကြပါတယ်။ ကျွန်တော်ပြောခဲ့တာကတော့ တကယ့်အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေ ကို ပြည်သူတွေက ရွေးချယ်နိုင်တယ်ဆိုရင် မဲကွဲမှုဆိုတာ ရှိမှာမဟုတ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့တယ်”ဟု ဦးမောင်ထွန်းသိန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
မဲဆွယ်ဟောပြောပွဲမလုပ်မီ ရွာသားများက သံသယ မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသော်လည်း ဟောပြောပြီးနောက်ပိုင်းတွင် ရွာသားများ သဘောပေါက်သွားကြသည်ဟုယင်းကဆက်လက်ပြောသည်။
“ရွာသားတွေကတော့ ပြည်နယ်၊ ပြည်သူ့၊ အမျိုးသားဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင် ခွဲခွဲခြားခြားမသိကြပါဘူး။ ဘယ်သူ ဘယ်နေရာမှာ အလုပ်လုပ်ရတယ်ဆိုတာကိုတောင် မသိကြသေးဘူး။ ပြည်နယ်အမတ်က ဘယ်မှာလုပ်မယ်ဆိုတာကို မသိကြဘူး၊ အမတ်ဆိုရင် အမတ်ပဲလို့ ရွာသားတွေက သိနေကြပါတယ်။ ကျွန်တော်ရှင်းပြတာက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဟာ ဆိုရင် နေပြည်တော်ကို တက်ရမယ်။ အဲ့ဒီလူတွေကို ပြည်ထောင်စုလွှတ်တော်အမတ်လို့ ခေါ်တယ် ဆိုပြီးတော့ ရှင်းပြပြီး၊ ပြည်နယ် လွှတ်တော်ဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်မှာတက်ရမယ် ဆိုတာတွေကို ရှင်းပြခဲ့ရတယ်”ဟု ဦးမောင်ထွန်းသိန်းကပြောသည်။
ဦးမောင်ထွန်းသိန်းသည် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာလ ၁၅ ရက်တွင် စတင်ခဲ့ပြီး ကျေးရွာပေါင်း ၁၀ ကျော်တွင် မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့ပြီပြီဟု သိရသည်။
ပေါက်တောမြို့နယ်မှ လွှတ်တော်သုံးရပ်အတွက် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးခံမည့်သူ ၆ ဦးရှိကြောင်း သိရသည်။




