အဆိုပါ စာပေဟောပြောပွဲကို ၈ လေးလုံးလေး အထိမ်းအမှတ်အဖြစ် သြဂုတ် ၈ ရက်နေ့က ကျင်းပရာ လားရှိုးမှ တက္ကသိုလ် လူငယ်များနှင့် ဆရာ/ဆရာမများ၊ လူမှုအဖွဲ့အစည်းများ၊ လာရှိုးသျှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း တက်ရောက်သူ အင်အား ၂၀၀ ခန့်ရှိကြောင်း သိရသည်။
“စာပေဟောပြောပွဲကို ၈ လေးလုံး အထိမ်းအမှတ်ဖြစ်အောင် တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်တယ်လို့ ဆရာကြီး လုံးဖှက လားရှိုးမှာ မိန့်ခွန်းပြောခဲ့တယ်”ဟု ဟောပြောပွဲ တက်ရောက်ခဲ့သည့် စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
စာပေဟောပြောပွဲတွင် ၈ လေးလုံးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ နိုင်ငံရေး၊ မဆလ အကြောင်း၊ ၁၉၄၇ အကြောင်း၊ စဝ်ဆေခန်ဖှ သမိုင်းကြောင်း၊ စာပေနှင့်လူမှုအဖွဲ့အစည်းအကြောင်း စသည်တို့ကို သုံးနာရီကြာ ဟောပြောသွားကြောင်း သိရသည်။
“လုံးစိုင်းဖှ ဟောပြောပွဲမှာ ပြောသွားတာ ကတော့- စကားပြောတဲ့ နေရာမှာ ကိုယ့်ဘာသာစကား မပြောဘဲ သူများဘာသာစကားကို ကြားညှပ်ပြီး ပြောကြတယ်။ ကိုယ့်ဘာသာ စကားမရှိဘူးလားပေါ့ ။ လူငယ်တွေ စဉ်းစားသင့်တယ်”ဟု ဟောပြောပွဲတွင် လုံးစိုင်းဖက ပြောသွားကြောင်း စိုင်းလိတ်က ဆိုသည်။
စဝ်ဆေခန်ဖှ လက်ထက်မီ ယနေ့ခေတ်အထိ သျှမ်းစာပေ အဆင့်ဆင့် ပြောင်းလဲလာပုံ၊ မိမိစာပေ အပေါ် ခေတ်သစ် သျှမ်းလူငယ်များ မည်မျှအလေးထားပုံ တို့ကိုပါ ရှင်းပြသွားကြောင်း ဆိုသည်။
ကနေ့ခေတ် သျှမ်းစာပေအပေါ် ဘယ်လိုသဘောထားသလဲ မိမိကိုယ်ကို ပြန်ဆန်းစစ်ဖို့ လိုတယ်။ မိခင် ဘာသာစကား မိခင်စာပေကို မပြောချင် မသုံးချင်တာဟာ ကိုယ့်လူမျိုးတွက် အားနည်းချက်များဖြစ် သည်ဟုလည်း ဆရာစိုင်းဖှက ပြောဆိုသည်။
သျှမ်းစာပေပညာရှင် ဆရာစိုင်းဖှသည် သျှမ်းစာပေ ပျံ့ပွါးရေးအတွက် သျှမ်းပြည်အတွင်း ပညာရေး အခွင့် အလှမ်းနည်းပါးသော နေရာဒေသများ ခက်ခဲကြမ်းတမ်းသော ဒေသများသို့သွားကာ စေတနာ ထက်သန်စွာဖြင့် သျှမ်းစာပေ သင်ကြားပေးခဲ့သည်။ သျှမ်းလူထု၏ လေးစားမှုကို ခံရကာ သျှမ်းစာပေ ပညာရှင်အဖြစ် သတ်မှတ်ခံရသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။







