မြန်မာက Starlink အင်တာနက်များ ရက် ၃၀ သာ ဆက်သုံးနိုင်တော့မည်

မြန်မာက Starlink အင်တာနက်များ ရက် ၃၀ သာ ဆက်သုံးနိုင်တော့မည်

မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို ဇူလိုင် ၁၇ ရက်မှ ဩဂုတ် ၁၆ ရက်အထိ တစ်လအတွင်းသာ ဆက်လက်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Starlink ဝန်ဆောင်မှုပေးနေသူများက ပြောသည်။

Starlink ၏ မူဝါဒအသစ်အရ စက်တစ်လုံးကို မူလမှတ်ပုံတင်ထားသည့် နိုင်ငံပြင်ပတွင် ရက်ပေါင်း ၃၀ ဆက် တိုက် အသုံးပြုပြီးနောက်၊ ၎င်းစက်နှင့် ချိတ်ဆက်ထားသည့် အကောင့်ကို လက်ရှိအသုံးပြုနေသည့် နိုင်ငံ သို့မဟုတ် ဒေသ (Region) အလိုက် ပြောင်းလဲသတ်မှတ်ရမည် ဖြစ်သည်။

မှတ်ပုံတင်ထားသည့် နိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်သော်လည်း နိုင်ငံတကာတွင် အသုံးပြု ရန်အတွက်မူ သတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာဦးစားပေး အဆင့်မြှင့်တင်မှု (Global Priority Upgrade) ကို လုပ်ဆောင်ရမည်ဟု မူဝါဒတွင် ပါရှိသည်။

မြန်မာနိုင်ငံသည် Starlink အင်တာနက်ကို တရားဝင်ခွင့်ပြုထားခြင်း မရှိသေးသဖြင့် လာမည့်လအတွင်း စက်အများအပြား အသုံးပြုမှုရပ်ဆိုင်းသွားနိုင်ကြောင်း သုံးသပ်သတိပေးမှုများလည်း ရှိနေသည်။

Starlink ဝန်ဆောင်မှုပေးနေသူတစ်ဦးက “Starlink အင်တာနက်တွေကို တစ်လပဲသုံးလို့ရတော့မယ်ဆိုတာ ဟုတ်ပါတယ်။ အရင်လိုပြန်သုံးနိုင်မယ့် တခြားနည်းလမ်းတွေကတော့ လောလောဆယ်မရှိသေးပါဘူး။ မြန်မာ နိုင်ငံက တရားဝင် အသုံးပြုခွင့် မရသေးလို့ ကန့်သတ်တာ” ဟု ပြောသည်။

ဒေသ (Region) ပြောင်းလဲသတ်မှတ်မည့် အပြင် အသုံးပြုခများကိုလည်း လစဉ် ၁ ဂျီဘီ (1 GB) လျှင် မြန်မာ ကျပ်ငွေ ၉,၀၀၀ ကျပ်နှုန်းဖြင့် ၅၀ GB မှ ၂၀,၀၀၀ GB အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲမှုပမာဏအလိုက် ပေးဆောင်ရမည် ဖြစ်သည်။

စက်ပိတ်သိမ်းခံရခြင်းမှ ကာကွယ်ရန် နိုင်ငံကူးလက်မှတ် (Passport) ဖြင့် မှတ်ပုံတင်ရသည့် ခရီးသွားမှတ်ပုံတင် ခြင်း (Travel Registration) ကိုလည်း မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး၊ ထိုသို့မပြုလုပ်ပါက စက်အပိတ်ခံရမည် ဖြစ်သည်။

SpaceX ကုမ္ပဏီက စတားလင့်စက်များကို နိုင်ငံအလိုက် အသုံးပြုခွင့် ကန့်သတ်ထားသဖြင့် မူလမှတ်ပုံတင်ထား သည့် နိုင်ငံပြင်ပရှိ စက်များကို အသုံးပြုခွင့်ပိတ်ပင်ရခြင်းဖြစ်ကြောင်း သုံးစွဲသူအချို့ထံ အီးမေးလ်ပေးပို့ အကြောင်းကြားထားသည်။

ဒေသတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် နေရာများတွင် ၎င်းစက်များကိုသာ အဓိကအားထား အသုံးပြုနေရခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းကလည်း စက်အချို့ ပိတ်သိမ်းခံခဲ့ရသဖြင့် ဒေသခံ များအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

အင်တာနက် ဖြတ်တောက်ခံရမှု အများဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်တို့တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် စီးဆင်းမှုအတွက် Starlink အင်တာနက်ကိုသာ အဓိက အသုံးပြုနေရကြောင်း Myanmar Internet Project ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် စတားလင့်နှင့် တရားဝင်စာချုပ်ချုပ်ဆိုထားခြင်း မရှိသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအတွက် သုံးစွဲခွင့် ရရှိနေခြင်းဖြစ်သည်။

သို့သော် အသုံးပြုမှု ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ နယ်စပ်ဒေသများရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းများကပါ ၎င်းစက်များကို အသုံးပြုလာကြသဖြင့် စတားလင့်၏ ဝန်ဆောင်မှုမူဝါဒများ ပိုမိုတင်းကျပ်လာခြင်း ဖြစ်သည်။

Most read this week

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
September 18, 2026
ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည်...
Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...