အင်းလေးတွင် ဝက်သေများ မျောပါလာသဖြင့် ရောဂါကူးစက်မည်ကို ဒေသခံများစိုးရိမ်

အင်းလေးတွင် ဝက်သေများ မျောပါလာသဖြင့် ရောဂါကူးစက်မည်ကို ဒေသခံများစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဝက်သေများ မျောပါလာနေသောကြောင့် ရောဂါကူးစက်မည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ အင်းလေးဒေသတွင် မိုးရက်ဆက်ရွာသွန်းသဖြင့် ရေတက်လာခဲ့ရာ၊ ယခင်က ဝက်နာရောဂါဖြင့် သေဆုံး၍ မြှုပ်နှံထားသည့် ဝက်သေများမှာ ရေကြီးမှုကြောင့် ပြန်လည်ပေါ်ပေါက် ကာ မျောပါလာခြင်း ဖြစ်သည်။

ထိုသို့ ဝက်သေများ မျောပါလာခြင်းကြောင့် ရေထုမှတစ်ဆင့် ရောဂါကူးစက်မည်ကို စိုးရိမ်နေကြပြီး အဆိုပါ ဝက်သေများကို အမြန်ဆုံး ဖယ်ရှားရန် လိုအပ်လျက်ရှိသည်။

အင်းလေးဒေသခံ အမျိုးသားတစ်ဦးက “ဒီလဆိုရင် ရေကတက်နေကျပဲ၊ အခုလည်း ရေတက်လာပြီ။ ရေတက် လာတော့ အရင်က ဝက်နာကြောင့် သေလို့ ဝက်တွေမြှုပ်ထားတာ အခုပြန်ပေါ်လာပြီး ရေကြီးတော့ မျောပါလာ တာ။ ကျွန်းမျှောနဲ့ ခံပြီး ပုတ်နေတာ၊ ရေဆို အနံ့ကလည်း နံနဲ့၊ အဲဒီကနေတစ်ဆင့် ရောဂါတွေ ပြန်ကူးမှာ စိုးရိမ် တယ်။ နောက်ပြီး တချို့အိမ်သာဆိုလည်း စနစ်တကျ မလုပ်ထားတော့ ရေကြီးရင် အကုန်မျောဆိုတော့ ရေက ပိုညစ်ညမ်းတယ်” ဟု ပြောသည်။

ထို့ပြင် အဆိုပါ ဝက်သေများကို နီးစပ်ရာ ကျေးရွာများက ဆယ်ယူ၍ သွားရောက်စွန့်ပစ်မှုများ ရှိသော်လည်း အချို့ကျေးရွာများတွင် ဆယ်ယူမည့်သူမရှိသဖြင့် ပုတ်သိုးနေကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

အဆိုပါ ဝက်သေများမှတစ်ဆင့် ငါးများကိုပါ ကူးစက်ရောဂါများ ဖြစ်ပွားပြီး အဆိုပါငါးများကို ဖမ်းယူစားမိပါက လူများကိုပါ အသက်အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ဒေသခံများအနေဖြင့် အတူတကွ ပူးပေါင်းထိန်းချုပ်ရန် လိုအပ်ကြောင်း အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ဝက်တွေက အရေခွံတွေကျွတ်ကျပြီး သေဆုံးကုန်တာများတယ်၊ ဝက်နာရောဂါလို့ ဆရာဝန်တွေက ပြောတယ်။ အဲဒီဝက်သေတွေက အခု ရေထဲမှာ မျှောနေတော့ ငါးတွေက စားတယ်။ ငါးတွေကနေတစ်ဆင့် လူတွေကို ကူးစက်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဝက်သေတွေကို သွားမြှုပ်ဖို့ တချို့ ဂိတ်တွေကလည်း သွား လာခွင့် ပြုပေးဖို့ လိုအပ်တယ်။ ဒီတိုင်းဆို ရေညစ်ညမ်းမှုက ပိုဆိုးလာမှာ” ဟု ပြောသည်။

လက်ရှိတွင် အင်းလေးဒေသ၌ ရေတက်လာမှုကြောင့် စပါးခင်းများနှင့် ခရမ်းစိုက်ခင်းများ နစ်မြုပ်ပျက်စီးကာ စိုက်ပျိုးရေး အရင်းအနှီးများ ဆုံးရှုံးသွားကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစ၍ သျှမ်းပြည် တောင်ပိုင်းတွင် မိုးများရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ စီးဆင်းလာသော ရေများသည် အင်းလေးဒေသတွင်းသို့ စီးဝင်လာသောကြောင့် ယခုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေ ရရှိရန် ခက်ခဲနေသည့်အပြင် သုံးစွဲနေရသည့် ရေများမှာလည်း သန့်ရှင်းမှုမရှိသဖြင့် ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသူများပြားလာသည်ဟု ဆိုကြသည်။

လက်ရှိတွင် အင်းလေးဒေသသည် ရေဘေး၊ လေဘေးနှင့် ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များကို အများဆုံး ရင်ဆိုင်ကြုံတွေ့နေရသည့် ဒေသတစ်ခု ဖြစ်လာနေသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...