လေဆင်နှာမောင်းကြောင့် ရခိုင်မြို့နယ် ၅ ခုတွင် ပျက်စီးမှုများပြား

လေဆင်နှာမောင်းကြောင့် ရခိုင်မြို့နယ် ၅ ခုတွင် ပျက်စီးမှုများပြား

ရခိုင်ပြည် တောင်ပိုင်းရှိ မြို့နယ် ၅ ခုတွင် တစ်ရက်အတွင်း လေဆင်နှာမောင်း ဆက်တိုက် တိုက်ခတ်ခဲ့သဖြင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် စစ်ဘေးရှောင်နေအိမ်များ အပါအဝင် နေအိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့ သည်။

လေဆင်နှာမောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေဘေးကြောင့် ရမ်းဗြဲ၊ ဂွ၊ သံတွဲ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် ထိခိုက်ပျက်စီးမှု များ ပြားခဲ့ခြင်း ဖြစ်သည်။

ပျက်စီးဆုံးရှုံးမှုများအနေဖြင့် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် လူနေအိမ် ၁၀ လုံး၊ စာသင်ကျောင်း တစ်ဆောင်နှင့် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု ပြိုလဲပျက်စီးခဲ့ရသည်။

ကျောက်နီမော်ဒေသခံတစ်ဦးက “ကျနော်တို့ရွာမှာတော့ ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းက လေဆင်နှာမောင်း တိုက်ခတ်ခဲ့တယ်။ အရမ်းပြင်းထန်တော့ နေအိမ်တွေ၊ စာသင်ကျောင်းနဲ့ တာဝါတိုင်တွေ ပျက်စီးခဲ့တယ်။ အခု တော့ နေအိမ် ၁၀ လောက်က လူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ နေထိုင်ကြတယ်” ဟု ပြောသည်။

ထို့ပြင် ဂွမြို့နယ်၊ ဇီးခုံကျေးရွာတွင်လည်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးများ ပြိုပျက်ခြင်း နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ဆက်လက်ပြီး သံတွဲမြို့နယ်၊ ပိန်းတောကြီး၊ ပိန်းတောလေးနှင့် လက်ပံတောကျေးရွာများတွင်လည်း လူနေအိမ် ၆၀ နီးပါး ပြိုပျက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ တောင်ကုတ်မြို့နယ်၊ မောင်းချောင်းကျေးရွာတွင် ရွာဦးဘုန်းကြီးကျောင်း ဆွမ်းစားဆောင်၊ ဓမ္မာရုံ၊ စေတီတော်မြတ်နှင့် လူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့ပြင် ကျောက်ဖြူမြို့နယ်၊ ကင်းပင်လယ်နားကျေးရွာနှင့် ကလန့်တဲကျေးရွာတို့တွင်လည်း စစ်ဘေးရှောင် နေအိမ်များ အပါအဝင် နေအိမ် ၄၃ လုံး ပြိုကျပျက်စီးခဲ့သည်။

ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက “ကျောက်ဖြူဒေသခံတွေက နေရာ အတည်တကျမရှိဘဲ စစ်ဘေးရှောင်နေကြတာ။ အခုဆိုရင် လေဆင်နှာမောင်း တိုက်ခတ်လို့ စစ်ဘေးရှောင် နေအိမ်တွေ အများကြီးပါသွားတယ်။ ဒါက သဘာဝဘေးအန္တရာယ်ဖျက်ဆီးတော့ ပိုပြီး ဒေသခံတွေ၊ စစ်ဘေး ရှောင်တွေ ဒုက္ခရောက်ကြတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် လေဆင်နှာမောင်းဒဏ်ကြောင့် အိုးအိမ်စွန့်ခွာနေရသူများနှင့် အမိုးအကာမဲ့သွားသည့် ဒေသခံများ သည် နေရာထိုင်ခင်း အခက်အခဲရှိနေပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။

တစ်ဖက်တွင်လည်း ကျေးရွာလူကြီးများနှင့် ဒေသခံလူမှုကူညီရေး အဖွဲ့အစည်းအချို့က တတ်နိုင်သလောက် ကူညီပေးနေသော်လည်း လိုအပ်ချက်များပြားလွန်းသဖြင့် အခက်အခဲရှိနေဆဲ ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တောစသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

ထို့အတူ ရခိုင်ကမ်းလွန်ပင်လယ်ပြင် အပါအဝင် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေဝန်းကျင် အထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်သဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် ရေကြောင်းသွားလာမှုလုပ်ငန်းများအနေဖြင့် အထူးသတိပြု ရှောင်ရှားသင့်ကြောင်း မိုးဇလဌာနက ထုတ်ပြန်ထား သည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...