ငအိုး - ရွှေကူကြား ရှေ့တန်းနေရာတချို့ တော်လှန်ရေးတပ်များ ပြန်သိမ်းပိုက်

ငအိုး - ရွှေကူကြား ရှေ့တန်းနေရာတချို့ တော်လှန်ရေးတပ်များ ပြန်သိမ်းပိုက်

ကချင်ပြည်၊ ရွှေကူမြို့နယ် ငအိုး–ရွှေကူကြားရှိ ရှေ့တန်းနေရာတချို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ပြန်လည်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

အဆိုပါနေရာများကို ပြီးခဲ့သည့်လအတွင်း စစ်တပ်၏ ထိုးစစ်ကြောင့် ယာယီလက်လွှတ်ခဲ့ရသော်လည်း လက်ရှိတွင် ပြန်လည်စိုးမိုးနိုင်ခဲ့ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

လက်ရှိ ပြန်လည်သိမ်းပိုက်ထားသည့် နေရာများထဲတွင် ငါးလမ်းဆုံ၊ ညောင်ပင်ကွေ့၊ လမ်ဘရော်၊ မန်ဝင်းလေး စသည့် ရွှေကူ - ဗန်းမော် လမ်းပိုင်းရှိ နေရာများပါဝင်ပြီး အဆိုပါနေရာများ၌ တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်နေရာယူထားလိုက်ခြင်း ဖြစ်သည်။

အဆိုပါနေရာများကို တော်လှန်ရေးတပ်များက ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် မန္တလေးဘက်မှ ရွှေကူသို့ စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်ရန် ခက်ခဲသွားသဖြင့် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။

ရွှေကူဒေသခံ အမျိုးသားတစ်ဦးက “ဟိုတလော နှစ်ရက်၊ သုံးရက်လောက်က အဖြစ်အပျက်တွေက အခုတိမ်း ရှောင်သွားတဲ့ ငါးလမ်းဆုံ၊ ညောင်ပင်ကွေ့ အဲဒီနေရာတွေမှာ PDF နဲ့ KIA တွေ နေရာပြန်ယူလိုက်ပြီး စောင့်ကြပ် လိုက်တာ ဖြစ်တဲ့အတွက် မန္တလေးဘက်က ကားတွေ ဒီဘက်ဝင်လို့ မရဘူး ဖြစ်သွားတယ်။ သူတို့ကတော့ နေ့တိုင်း အပေါ်က ဗုံးတွေချနေကြတာ။ အမြောက်သံတွေလည်း တစ်နေ့လုံး ကြားနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း စစ်တပ်က ရွှေကူဘက်သို့ လေကြောင်းအင်အားအများအပြား အသုံးပြုကာ ထိုးစစ်ဆင်ခဲ့ သောကြောင့် KIA နှင့် PDF ပူးပေါင်းတပ်များသည် ရှေ့တန်းနေရာတချို့မှ ယာယီဆုတ်ခွာခဲ့ရသော်လည်း၊ လက် ရှိတွင် အဆိုပါနေရာများကို ပြန်လည်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

KNG က ရရှိထားသည့် အချက်အလက်များအရ ဇူလိုင်လ ၆ ရက် ညနေပိုင်းတွင်လည်း ရွှေကူမြို့နယ် အထက် လေးလမ်းဆုံနှင့် အောက်လေး လမ်းဆုံအနီးသို့ စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ရွှေကူ ဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

ရွှေကူ–ဗန်းမော်လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ ငအိုး–ရွှေကူကြားရှိ နေရာ အများစု ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဟု ရွှေကူဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ရွှေကူကနေ ဗန်းမော်ကို ချီတက်တဲ့လမ်းမှာပဲ အရင်ဖြစ်တဲ့နေရာတွေမှာပဲ တိုက်ပွဲက ဆက်ဖြစ်နေတာပါ။ ငအိုးနဲ့ ရွှေကူကြားထဲမှာတော့ တော်လှန်ရေးဘက်က တော်တော်များများ တိုက်ခိုက်ယူထားတာတွေ ကြားရ တယ်။ အဲဒီဘက်တွေကို ရွှေကူကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေ ကြားရတယ်။ ပြီးတော့ လေယာဉ် တွေလည်း ရံဖန်ရံခါ လာကြဲနေတာပဲ။”

လက်ရှိတွင် စစ်တပ်က ရွှေကူမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် လုပ် ဆောင်နေပြီး၊ တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်ထားသည့် ရှေ့တန်းနေရာများကို ပြန်လည်ရယူနိုင်ရန် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ဆက်တိုက်အသုံးပြုနေကြောင်း ဒေသခံများက ပြောသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 18, 2026
မကွေးတိုင်းအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်နေသည့်အပြင်...
August 18, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာနှင့် အောက်ဇီးကိုင်းကျေးရွာတို့ကို...
ဓါတ်ပုံ - အာရက္ခတပ်တော် (AA)
August 17, 2026
ရခိုင်ပြည် သံတွဲတွင် စစ်တပ် ဗုံးကြဲမှုကြောင့် သားအဖ နှစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး...
August 17, 2026
တစ်နိုင်ငံလုံး၏ ဂေဟစနစ်၊ လူမှုဘဝနှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်လာနိုင်သည့် ဧရာဝတီမြစ်ဆုံ...