အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သား နေထိုင်သည့် ကျေးရွာများကို စစ်တပ်က မကြာခဏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများသည် ဒဏ်ရာများကို ရေရှည်ဆက်လက် ဆေးကုသရန် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
ဗုံးကြဲခံရစဉ် ကနဦးကာလတွင် ဒဏ်ရာရသူများကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက အခမဲ့ ဆေးကုသ ခွင့်ပေးခဲ့ပြီး အခြားအရပ်ဘက်အဖွဲ့အစည်းများကလည်း ငွေကြေးထောက်ပံ့ပေးမှုများ ရှိခဲ့သည်။
သို့သော်လည်း ဒဏ်ရာပြင်းထန်၍ ကာလရှည်ကုသနေရသူများမှာ နောက်ဆက်တွဲတွင် အကူအညီများ ထပ်မံ မရရှိတော့သဖြင့် ဆေးကုသမှုပြတ်တောက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာတွင် စစ်ဘေးရှောင်နေစဉ် ဗုံးကြဲခံရမှုကြောင့် မိဘနှစ်ဦးနှင့် အစ်ကိုဖြစ်သူ ဆုံးရှုံးခဲ့ရသည့်အပြင် မိမိကိုယ်တိုင်လည်း ဒဏ်ရာရခဲ့သူ ဒေါ်မိုးမိုးချေက ယခုကဲ့သို့ ပြောသည်။
“အစကတော့ ဆေးဝါးကုသမှုအတွက် အဖွဲ့အစည်းတွေဆီက အထောက်အပံ့တွေ ရပါတယ်။ အခုက ဆေးရုံက ဆင်းခဲ့ရပြီ ဆိုပေမဲ့ နောက်ထပ် သွားပြရတာတွေရှိတယ်။ ဆေးရုံကို နှစ်ပတ်တစ်ခေါက် သွားရပြီး မရှိရင် ရှိသ လို ရှာကြံပြီး သွားရပါတယ်။ နောက်ဆုံးမှာ ပိုက်ဆံမရှိတော့ ဆေးရုံကို မသွားနိုင်တော့ဘူး။ ကျမတို့က တစ်ရက်လုပ်မှ တစ်ရက်စားရတာဆိုတော့ သွားလာရေး လမ်းစရိတ်တွေက ဘယ်လိုမှ အဆင်မပြေတော့ဘူး။”
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက်နေ့က အောင်ဖြူပြင်ကျေးရွာ လေကြောင်းဗုံးကြဲခံရမှုတွင် စစ်ဘေးရှောင် ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ဆရာဝန်က ဒေါ်မိုးမိုးချေအား တစ်လတစ်ကြိမ် ဆေးခန်းပြရန် မှာကြားထားသော်လည်း လမ်းခရီးစရိတ် မတတ်နိုင်သဖြင့် ဆေးခန်းမပြနိုင်ဘဲ ဖြစ်နေသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၈ ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်ထဲတွင် ပါဝင်ခဲ့သည့် ကိုခိုင်ကျော်ဌေးကလည်း ယခုကဲ့သို့ ဆက်ပြောသည်။
“ဆေးခန်းတွေကို သွားမယ်ဆိုရင် ငွေသုံး၊ လေးသိန်းလောက် ကုန်ပါတယ်။ လူနာစောင့်က အနည်းဆုံး တစ်ယောက် လိုအပ်တယ်။ တုတ်တုတ်ချေ (သုံးဘီး) နဲ့ သွားမယ်ဆိုရင် တစ်ယောက်ကို လမ်းစရိတ် ငွေတစ်သိန်းကျော် ကုန်ကျပြီး နှစ်ယောက်ဆိုရင် သုံးသိန်းကျော်နဲ့အထက် ကုန်ကျတာ ရှိပါတယ်။ အဲဒီငွေကို ဒဏ်ရာရထားတဲ့သူတွေက မတတ်နိုင်ဖြစ်နေကြတာ” ဟု ပြောသည်။
ယခင်က ဆေးရုံတွင် ကုသစဉ် ငွေကြေးကုန်ကျမှုမရှိသော်လည်း လုံခြုံရေးအခြေအနေကြောင့် ဒဏ်ရာ အနည်း ငယ် သက်သာသည်နှင့် ဆေးရုံတွင် ကာလရှည် နေထိုင်ခွင့်မရဘဲ နေရပ်သို့ ပြန်လွှတ်ခြင်းခံရသည်။
ထို့နောက်ပိုင်း နှစ်ပတ်တစ်ကြိမ် သို့မဟုတ် လစဉ် ဆေးရုံပြန်ပြရန် လိုအပ်သော်လည်း ဆေးရုံဆေးခန်းများနှင့် ဝေးကွာခြင်း၊ သွားလာရေးစရိတ် ကြီးမြင့်ခြင်းတို့ကြောင့် မသွားနိုင်ကြခြင်းဖြစ်သည်။
ရခိုင်ပြည်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရ သူ အများအပြား ရှိနေပြီး၊ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ အနေ ဖြင့် ကူညီထောက်ပံ့မှုများ အမြန်ဆုံးပေးရန် နစ်နာသူမိသားစုဝင်များက နှိုးဆော် တောင်းဆိုထားကြသည်။
စစ်တပ်သည် ရခိုင်ဒေသအတွင်းရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံနှင့် လူနေအိမ်များကို နေ့စဉ်ရက် ဆက် လေကြောင်းတိုက်ခိုက်နေသဖြင့် အရပ်သား သေဆုံးဒဏ်ရာရမှုနှင့် အိုးအိမ်ဆုံးရှုံးမှုများ ပိုမိုမြင့်တက် လျက်ရှိသည်။







