ပေါက်မြို့နယ် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ

ပေါက်မြို့နယ် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် နေရပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့အစည်းများက ပြောသည်။

ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ ထွက်ခွာလာသည့် အင်အား ၅၀၀ နီးပါးပါဝင်သော စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများကို ဖြတ်သန်းကာ ဇွန်လ ၃၀ ရက်နေ့တွင် ပေါက်မြို့နယ် အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာနက ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်တပ်သည် ပြီးခဲ့သည့် မေလမှစတင်၍ ပေါက်မြို့နယ်အပါအဝင် ပခုက္ကူမြို့ အနောက်ဘက်ခြမ်းတစ်လျှောက် ကုန်စည်သယ်ယူခွင့်များကို ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာဝယ်ယူရာတွင် အခက် အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပေါက်မြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

“ဒီဘက်မှာ စစ်ရှောင်လူဦးရေက များတော့ ကျနော်တို့ အဓိက အားပြုရတာဆိုရင် ကမ္မတို့ မြစ်ခြေတို့ ဒီပခုက္ကူ ဘက်က စစ်ကြောင်းတွေကို အဓိက ဦးတည်ရတာဖြစ်တဲ့အတွက်ကျတော့ အဲ့ဒီဘက်လမ်းကြောင်းတွေကလည်း စစ်ကြောင်းတွေနဲ့ စစ်ရှောင်နေရတာများတဲ့အတွက်၊ ဒီဘက်မှာ ဟင်းချက်စရာ ကုန်စည်စီးဆင်းမှုမရှိတဲ့ အတွက် ကျတော့ ဒီစားနပ်ရိက္ခာပိုင်းမှာ ဆန်ပိုင်းဆိုင်ရာမှာတော့ ထိုက်သင့်သလောက် အဆင်ပြေတယ်။ ဒါပေမဲ့ ဟင်းချက်စရာပိုင်းမှာတော့ တော်တော်လေး အခက်အခဲကြုံတယ်။”

ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာနှင့် ဟင်းချက်စရာများကို နီးစပ်ရာ နယ်မြေ ခေါင်း ဆောင်များနှင့် ချိတ်ဆက်၍ ဝိုင်းဝန်းကူညီပေးကြပါရန် ပေါက်မြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးဌာနက မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ပေါက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပြင် အမိုးအကာနှင့် ဆေးဝါးများ ပါ အရေးပေါ် လိုအပ်နေကြောင်း အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) က ထုတ်ဖော်ပြောဆိုသည်။

အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာဝန်ရှိသူတစ်ဦးက “သစ်ပင်အောက်တွေ အဲ့ဒါမျိုးတွေ အဆင်ပြေတဲ့နေရာတွေပဲ နေကြတာဗျ။ အဓိကကတော့ အမိုးအကာ၊ အစားအသောက်ပေါ့။ အဲ့ဒါက အဓိက အရေးပေါ်လိုအပ်တာပေါ့။ အမိုးအကာလည်း လိုတာပဲ။ စားစရာလည်း အရေးပေါ်ထွက်လာတာဆိုတော့ ပြည့်စုံအောင် ပါမလာကြဘူးပေါ့ဗျာ” ဟု ပြောသည်။

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဇူလိုင်လ ၂ ရက်နေ့ နံနက်အစောပိုင်းတွင် ညောင်ရေထဲကျေးရွာသို့ ရောက်ရှိလာပြီး အဆိုပါရွာ၌ပင် ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင် မီးရှို့ဖျက်ဆီးမှုနှင့် လူသတ်မှုများ ကျူးလွန်ခဲ့သည့် အပြင်၊ မြိုင်မြို့နယ်အတွင်း၌လည်း စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးအပါအဝင် ပြည်သူ ခြောက်ဦးထက် မနည်းကို သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်ကြောင်း အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် မြိုင်မြို့နယ် တောင်ခြမ်းတစ်ခွင်လုံးနှင့် ပေါက်မြို့ နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလပညာရေးကျောင်းများကိုပါ ယာယီ ပိတ်ထားရသည်။

Most read this week

မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...