နေရပ်ပြန်စစ်ရှောင်များ မိုင်းအန္တရာယ်သတိပြုဖို့ တိုက်တွန်း

နေရပ်ပြန်စစ်ရှောင်များ မိုင်းအန္တရာယ်သတိပြုဖို့ တိုက်တွန်း

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ နေရပ်ပြန်နေထိုင်ကြပြီဖြစ်တာကြောင့် မိုင်းအန္တရာယ် သတိပြုဖို့နဲ့ ကန့်သတ်နယ်မြေတွေ မသွားဖို့အတွက် ကတူးလူငယ်အဖွဲ့ချုပ်က ဇွန်လ ၂၅ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

“ လက်ဖက်ခူး၊မှိုရှာ၊မျှစ်ချိုး စသည့်တောတောင်၊တောင်ယာများသွားသည့်အခါတွင်လည်း မှိုင်းအန္တရယ်များသတိပြုကြပြီးကန့်သတ်နယ်မြေများသို့မသွားရောက်ကြဘဲအထူးဂရုစိုက်ကြပါရန်တိုက်တွန်းအပ်ပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။

မနေ့ကစလို့ ကတူးကျေးရွာဖြစ်တဲ့ စက်တောကျေးရွာမှာ စစ်ရှောင်တွေဟာ နေအိမ်သို့ပြန်လည် နေထိုင်ခွင့်ရရှိပြီးတဲ့နောက် အခုလိုတိုက်တွန်းလာတာလည်းဖြစ်ပါတယ်။

စက်တောကျေးရွာအတွင်း ပထမအသုတ်အနေနဲ့ ဝင်ရောက်နေထိုင်တဲ့ စစ်ရှောင် အိမ်ထောင်စု ၁၁၁ အိမ်ရှိပြီး အမျိုးသား ၁၂၆ ဦးနဲ့အမျိုးသမီး ၁၉၅ ဦး စုစုပေါင်း ၃၂၁ ဦးရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဒုတိယ အသုတ်ကိုလည်း ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

“ ဒုတိယအသုတ်တွေကျတော့အဝေးရောက်နေတဲ့သူတွေပေါ့၊ အခုဝင်သွားတဲ့ တစ်သုတ်ကိုကြည့်ပြီး အဆင်ပြေပြေပဲဆိုရင်တော့ ဆက်လက်လုပ်သွားမယ်” လို့ သူကပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ လယ်ယာလုပ်ခွင့်ပြန်လည်ရရှိပြီဖြစ်တာကြောင့်လည်း နောက်နှစ်စားနပ်ရိက္ခာအတွက် လယ်ယာတွေကို ပြန်လည်စိုက်ပျိုးဖို့၊ ဟင်းသီးဟင်းရွက်တွေကိုလည်း စိုက်ပျိုးရောင်းချဖို့အတွက် ပြောဆိုထားပါတယ်။

ဗန်းမောက်မြို့ဟာ ပြီးခဲ့တဲ့နှစ်မှာ NUG နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ၆ လဝန်းကျင်အကြာ SNA က ပြန်လည်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

မြို့အတွင်းမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ကျန်လက်နက်ပစ္စည်းများ၊ မပေါက်ကွဲသေးတဲ့ ဗုံးများ၊ကျည်များစွာနဲ့ မိုင်းတွေဟာ နေရာမရွေးရှိနေခဲ့ပြီး ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

မြို့အတွင်းဝင်ရောက်ပြီး နေအိမ်ကြည့်ရှုသူ အနည်းဆုံး ၁၀ ဦးထက်မနည်းဟာ စစ်ကျန်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။

June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...
June 23, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေမြင့်တက်လာမှုကြောင့်...