မွန်တွင် ယခုနှစ် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၉ ဦးရှိလာ

မွန်တွင် ယခုနှစ် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၉ ဦးရှိလာ

မွန်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၉ ဦးအထိရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၉ ဦးအနက် မော်လမြိုင်မြို့နယ်အတွင်းက ၃ ဦး၊ ရေးမြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် ၂ ဦးစီရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း၌ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၂ ဦးသာ ရှိခဲ့ကြောင်း ယခုနှစ် ခြောက်လအတွင်း၌ပင် သေဆုံးသူက ၉ ဦးအထိရှိလာကြောင်း ပြည်သူများအနေဖြင့် ခွေးရူးပြန်ရောဂါကို အထူးသတိပြုရန် လိုကြောင်း ဆိုသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့ မွေးမြူထားသည့် ခွေး၊ ကြောင်များအား ကာကွယ်ရေးထိုးကြရန်နှင့် ‌ခွေး၊ ကြောင် အကိုက်ခံ၊ အကုတ်ခံရလျှင် ဆေးမြီးတိုဖြင့် မကုကြပဲ ခွေးရူးပြန်ကာကွယ်ဆေး အပြည့် ထိုးနှံကြရန်လည်း တိုက်တွန်းထားသည်။

“အရေးအကြီးဆုံးက မိဘတွေအနေနဲ့ မိမိရဲ့ကလေးတွေကို လမ်းဘေးခွေးတွေကို မစကြဖို့၊ မကိုင်ကွယ်ကြဖို့ သတိပေးစေချင်ပါတယ်။ ခွေးကိုက်ခံရတာတို့၊ ကြောင်ကုတ်ခံရတာတို့ဖြစ်ရင် ဖုံးကွယ်မထားဘဲ မိဘတွေကို ချက်ချင်း ပြောပြကြဖို့အတွက်ကိုလည်း သင်ပြပေးထားကြဖို့ လိုအပ်ပါမယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

ခွေးလေ ခွေးလွင့်များလာခြင်းကြောင့် ခွေးကိုက်ရသူ များလာကြောင်း မော်လမြိုင်မြို့မှာဆိုလျှင် ခွေးကိုက်ခံရမှု ခွေးလိုက်ဆွဲပြီး မော်တော်ဆိုင်ကယ် တိမ်းမှောက်မှုများ နေ့စဉ်လိုလို ဖြစ်ပွားနေကြောင်းလည်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ခွေးလေ ခွေးလွင့်များ ပွားများလာခြင်းမရှိစေရန် တားဆေးထိုးနှံပေးခြင်းနှင့် ခွေးရူးပြန်ကို ကာကွယ်နိုင်ရန်အတွင် ခွေးလေ ခွေးလွင်းများကို ကာကွယ်ဆေးများထိုးနှံပေးခြင်းများ လုပ်ဆောင်စေလိုကြောင်း မြို့ခံတို့က ဆိုသည်။

“ခွေးလေ ခွေးလွင့်တွေ တော်တော်များနေတယ်။ ဆိုင်ကယ်မောင်းသွားရင် လိုက်ဆွဲတယ်။ ရှေ့ကဖြတ်ပြေးလို့ ဆိုင်ကယ်နဲ့ တိုက်မိပြီး မှောက်တာတွေလည်း ဖြစ်နေတယ်။” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ခွေးလေခွေးလွင့် ပေါများလာခြင်းကြောင့် မြို့နယ်အချို့တို့တွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့က ခွေးလေခွေးလွင့်များ သုတ်သင်ရှင်းလင်းရေး အစီအစဉ်များ ဆောင်ရွက်နေသည်လည်း ရှိသည်။

August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...