မိုင်ဂျာယန်အဆင့်မြင့်ပညာရေးကျောင်းတွေမှာ ကျောင်းစရိတ် လျှောက်ထားနိုင်

မိုင်ဂျာယန်အဆင့်မြင့်ပညာရေးကျောင်းတွေမှာ ကျောင်းစရိတ် လျှောက်ထားနိုင်

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့ အဆင့်မြင့်ပညာရေးကျောင်းတွေမှာ တက်ရောက်နေသူနဲ့ တက်ရောက်ဖို့ပြင်ဆင်နေတဲ့ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ World Kachin congress (WKC) မှာ ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းစရိတ်အကူအညီ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။ 

မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့ အဆင့်မြင့်ပညာရေးကျောင်းတွေဖြစ်တဲ့ Institute of Liberal Arts and Sciences၊ Mai Ja Yang Institute of Education ၊ Mai Ja Yang College နဲ့  

Federal Law Academy တွေမှာသင်ကြားနေတဲ့ ကျောင်းသား ဒါမှမဟုတ် အဲဒီ ကျောင်းတွေမှာတက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေအနေနဲ့ ၂၀၂၆- ၂၇ ပညာသင်နှစ် အတွက် ကျောင်းစရိတ်အကူညီတွေ လျှောက်ထားနိုင်တယ်လို့ ဆိုထားတာပါ။

ကျောင်းစရိတ်နဲ့ ကျောင်းဘော်ဒါစရိတ်ကို ကျောင်းက သတ်မှတ်ထားတဲ့နှုန်းအလိုက် ကူညီပေး သွားမှာဖြစ်ပြီး ကျောင်းစရိတ်ကို ကျောင်းမှာတိုက်ရိုက်ပေးသွင်းမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

ဒါ့အပြင် ဒီစကောလားရှစ်အကူအညီကို ကျောင်းသားတွေရဲ့ ထူးချွန်မှုအရ ကျောင်းပြီးချိန်ထိ ဆက်လက်ရယူနိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။ 

စကောလားရှစ်လျှောက်လွှာကို ဇွန်လ ၁၇ ရက်နေ့ကနေ ဖွင့်လှစ်ထားပြီဖြစ်ပြီး  လျှောက်လွှာ ပိတ်ရက်ကတော့ ဇူလိုင် ၁၅ ရက်နေ့ဖြစ်ပါတယ်။ 

လျှောက်လွှာအပြည့်အစုံနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို [email protected] ဒါမှမဟုတ် မိုင်ဂျာယန်မြို့က Karum Zinghkri (KRZ) ရုံးကို ဇူလိုင် ၁၅ ရက်နေ့မှာ နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပြီးတော့ မပြည့်စုံတဲ့လျှောက်လွှာတွေနဲ့  ဇူလိုင် ၁၅ ရက်နေ့ကျော်ပြီးရောက်တဲ့ လျှောက်လွှာ တွေကို စဉ်းစားပေးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ 

လျှောက်လွှာကို အွန်လိုင်းကဆိုရင် [email protected] ဒါမှမဟုတ် WKC facebook page နဲ့ WKC website မှာဒေါင်းလုပ်ရယူနိုင်သလို မိုင်ဂျာယန်မြို့က Karum Zinghkri (KRZ) ရုံးမှာလည်း လျှောက်လွှာစာရွက်ကိုရယူနိုင်ပါတယ်။ 

လျှောက်လွှာနဲ့အတူ မေးခွန်း ၃ ခုကို ဖြေဆိုထားတဲ့အဖြေလွှာ၊ CV/ resume ၊ ထောက်ခံစာ ၂ စောင်တို့ကို ပူးတွဲတင်ပြရမှာဖြစ်ပြီး အသေးစိတ်ကိုတော့ WKC facebook page မှာ လေ့လာနိုင်ပါတယ်။ 

Short List အင်တာဗျူးအစီစဉ်မှာပါတဲ့သူတွေကို ဇူလိုင်၃၀ ရက်နေ့မှာအသိပေးမှာဖြစ်ပြီး အင်တာဗျူး အမေးအဖြေကိုတော့ ဇူလိုင် ၃၁ ကနေ ဩဂုတ် ၁၅ ရက်နေ့ အတွင်း ပြုလုပ်သွားဖြစ်ပါတယ်။ အဲဒီ နောက် စကောလားရှစ်ရရှိသူတွေရဲ့ အမည် စာရင်း ကို ဩဂုတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်သွားမှာလို့ သိရပါတယ်။ 

စကောလားရှစ် လျှောက်မယ့်သူတွေဟာ ဖော်ပြထားတဲ့ကျောင်းတွေမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ တက်ရောက်ဖို့ပြင်ဆင်နေသူတွေဖြစ်ရမှာနဲ့ တခြား ဘယ်သူ့ဆီကမှ အကူညီ မရရှိထားတဲ့သူ ဖြစ်ရမှာဖြစ်သလို တိုင်းပြည်နဲ့လူမျိုးတည်ဆောက်‌ရေးမှာ လက်တွေ့ ပါဝင် ကူညီနိုင်သူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။ 

World Kachin congress (WKC)ရဲ့ ဒီကျောင်းစရိတ်အကူညီစကောလားရှစ်ကို ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်ကနေ စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...