မင်းအောင်လှိုင်နှင့် ပေကျင်း သဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုး

မင်းအောင်လှိုင်နှင့် ပေကျင်း သဘောတူညီချက် ၁၈ ခု လက်မှတ်ရေးထိုး

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချုပ် ၁၈ ခု လက်မှတ်ရေးထိုးခဲ့သော်လည်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်းကြီးနှစ်ခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းတို့အတွက် သဘောတူညီချက်တစုံတရာ မရရှိခဲ့ပေ။

၎င်းစီမံကိန်းနှစ်ခုစလုံးမှာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပြည်တွင်းစစ်ကြောင့် ရပ်ဆိုင်းနေခြင်းဖြစ်သည်။

ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံအနေဖြင့် “အစွမ်းကုန် ကြိုးပမ်းသွားမည်” ဟု ကတိပြုခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မင်းအောင်လှိုင်အား တိန်အန်မင်ရင်ပြင်၌ အမြောက် ၂၁ ချက် ပစ်ဖောက်၍လည်းကောင်း၊ ပြည်သူ့ခန်းမဆောင်ကြီး၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်လည်းကောင်း ကြိုဆိုခဲ့ကြောင်း CCTV သတင်းတွင် ဖော်ပြသည်။

ယင်းဂုဏ်ပြုမှုမှာ ပြီးခဲ့သည့်လက ပေကျင်းသို့ ရောက်ရှိခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ၂၀၂၅ နိုဝင်ဘာတွင် တူညီသောကြိုဆိုမှု ရရှိခဲ့သည့် ထိုင်းဘုရင်တို့၏ သံတမန်ရေးရာ အခမ်းအနားအဆင့်အတန်းနှင့် ထပ်တူဖြစ်သည်။

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့သည် ဧပြီလတွင် မင်းအောင်လှိုင်အား သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုစေခဲ့သော ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုမရှိဟု သတ်မှတ်ကာ ၎င်းအား တရားဝင် နိုင်ငံတော်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။ တရုတ်နိုင်ငံသည် ၎င်းကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ပတ်အကြာတွင် ဤနိုင်ငံတော်အဆင့် ငါးရက်ကြာခရီးစဉ်ကို လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာချုပ် ၁၈ ခုတွင် မဟာမဲခေါင်ဒေသခွဲ ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး၊ လွတ်လပ်သော ကုန်သွယ်မှု၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ကျန်းမာရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်သည်။

ရှီကျင့်ဖျင်က အဓိကစင်္ကြံစီမံကိန်းများကို “လုံခြုံရေး အာမခံချက်ရှိရှိဖြင့်” အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ရာ၊ ယင်းမှာ အခြေခံအဆောက်အအုံဆိုင်ရာ တိုးတက်မှုများမှာ နေပြည်တော်၏ လုံခြုံရေးအာမခံချက်အပေါ် မူတည်နေကြောင်း ညွှန်းဆိုခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံသည် “မြန်မာ့အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ခိုင်မာစွာ ထောက်ခံသည်” ဟု ဆိုကာ ငလျင်အလွန် ပြန်လည်ထူထောင်ရေးအတွက်လည်း ကူညီမည်ဟု ကတိပြုခဲ့သည်။ မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်တနိုင်ငံတည်းမူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားပြီး ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ အဓိကဦးဆောင်မှုလေးရပ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ယခုခရီးစဉ်သည် မင်းအောင်လှိုင်၏ ခရီးစဉ်များအလိုက် ၎င်း၏ရာထူးအခေါ်အဝေါ်ကို ပေကျင်းက အဆင့်ဆင့်ပြောင်းလဲသတ်မှတ်ခဲ့သည့် ပုံစံကို ဆက်လက်ဖော်ပြနေသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၄ နိုဝင်ဘာလ ကူမင်းသို့ ပထမဆုံးသွားရောက်စဉ်က ၎င်းအား “မြန်မာခေါင်းဆောင်” ဟု တရုတ်အစိုးရမီဒီယာများက သုံးနှုန်းခဲ့သည်။ ၂၀၂၅ သြဂုတ်လ တီယန်ကျင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် “ယာယီသမ္မတ” ဟု သုံးနှုန်းခဲ့ပြီး၊ ယခုအင်္ဂါနေ့တွင်မူ ၎င်းအား “သမ္မတ” ဟု အခေါ်အဝေါ်ပြောင်းလဲကာ နိုင်ငံတော်ခေါင်းဆောင်အဆင့် အပြည့်အဝဖြင့် ကြိုဆိုခဲ့သည်။

တံခါးပိတ်ဆွေးနွေးပွဲမှာ တနာရီပင် မပြည့်ခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။

ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာနအရ မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတွင် သောကြာနေ့အထိ ဆက်လက်ရှိနေမည်ဖြစ်ပြီး ဝန်ကြီးချုပ် လီချန်၊ အမျိုးသားပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကျောက်လော့ကျိတို့နှင့် ဆက်လက်တွေ့ဆုံရန် ရှိသည်။

မြန်မာနယ်စပ်တလျှောက် တရုတ်ဩဇာလွှမ်းမိုးမှုကို သုတေသနပြုနေသည့် မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ၊ အမေရိကန်-မြန်မာ ကတ္တားနှစ်မျိုးခံယူထားသူ ဦးမင်းဇင် ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် တိုက်ဆိုင်၍ ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ဦးမင်းဇင်သည် ဇွန်လ ၃ ရက်က ကူမင်းလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး၊ မင်းအောင်လှိုင် ပေကျင်းသို့ မရောက်ရှိမီ သုံးရက်အလို ဇွန်လ ၁၂ ရက်တွင် ၎င်းအား သူလျှိုမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျသွားသည့် မြစ်ခြေမြို့နယ်အတွင်းရှိနေအိမ် တလုံးကို တွေ့ရစဉ် (ပုံအဟောင်း)⁩
June 16, 2026
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့်...
June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...
June 13, 2026
ကျားဖြန့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီခရိုင်၊...
June 12, 2026
ရောင်နီ — အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က နာမည်အသစ်ဖြင့် ထုတ်လုပ်ထားသည့်  “ Keen Beer...