ဇူလိုင်လ (၂၁) ရက်နေ့မှစတင်ပြီး မိုးပြင်းထန်စွာ ရွာသွန်းမှုကြောင့် ဟားခါးမြို့တွင် မြေပြိုလျက်ရှိပြီး အိမ်ခြေ (၂၀) နီးပါးပျက်စီးခဲ့ပြီး ထပ်မံမြေပြိုနိုင် မည့်နေရာများအနီးတည်ဆောက်ထားသည့် အိမ်များကိုလည်း ကြိုတင်ဖျက်စီး လျက်ရှိကြောင်း ဒေသခံများမှသိရသည်။
ယခုအခါ နေအိမ်ပေါင်း (၄၀) ကျော်ကိုအစိုးရ ဌာနများ၏ အကူအညီဖြင့် ဖျက်စီးလျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ် ကြက်ခြေနီအတွင်းရေးမှူး ဦးနိန်ဟုန်းက“ အစိုးရဌာနများက မြေပြိုနိုင်မယ့် နေရာမှာ တည်ဆောက်ထားတဲ့ အိမ်တွေကို ကြိုတင်ဖျက်ဆီးနေတယ်။ စက်ကြီးတွေငှားပြီး ရေမြောင်းတွေကို လည်း လိုက်ဖော်နေပါတယ်”ဟု ပြောသည်။
မြေပြိုမှုကြောင့် နေအိမ်ပျက်စီးသည့် အိမ်ထောင်စုများ၏ မိသားစုများသည် နီးစပ်ရာ ဆွေမျိုးများ အိမ်တွင် သွားရောက်နေထိုင်နေရကြောင်း သိရသည်။
“ကျွန်တော်တို့ ကြက်ခြေနီ အနေနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို လိုအပ်တဲ့ ပစ္စည်းထောက်ပံ့နေတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကို လည်း ဆောင်ရွက်နေတယ်။ ဒါပေမယ့် တခြားဒေသလို ဒုက္ခရောက် နေတဲ့ သူတွေစုပြီးနေတာမျိုးမရှိတော့ သူတို့ကို ရှာပြီး ပစ္စည်းထောက်ပံ့မှုတွေ လုပ်နေတယ်”ဟု ဦးနိန်ဟုန်းက ဆက်ပြောသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင်လည်း ဇူလိုင်လ (၂၇) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် အိမ်ခြေလုံး (၄) လုံးမြေပြိုမှုတွင် ပါသွားကြောင်းသိရသည်။
ထို့အတူ ပလက်ဝမြို့နယ်တွင် ကုလားတန်မြစ်ကမ်းဘေး နေအိမ်များ စျေးများလည်း ရေထဲမျော့ပါခဲ့ပြီး ကုလားတန်မြစ် အထက်ပိုင်းရှင်း လက်ဝကျေးရွာအထက်ရွာမှ အိမ်ခြေ ၁၉ အိမ်နှင့် အောက်ရွာမှ ၂ အိမ် စုစုပေါင်း အိမ်ခြေ ၂၁ အိမ်မြေပြိုမှုတွင် ပါသွားကြောင်း ခူမီးမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ကျေးရွာ (၂၀) ကျော်ခန့် ရေနစ်မြှုပ်ခဲ့ပြီး ရေဘေး ဒုက္ခသည်ပေါင်း (၁၀၀၀၀) နှင့် အထက်ဝန်းကျင်ရှိသည်ဟု ချင်းတောင်သယံဇာတ စောင့်ကြည့်ရေး အဖွဲ့၏ ခန့်မှန်းချက်အရ သိရသည်။
ထို့အပြင် ကလေးမြို့နယ်တွင်းရှိ ရာဇာဂြိုလ်ရေလှောင်တမံနှင့် ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ လိုင်ဗားရေလှောင်တမံတို့ကိုလည်း ကျိုးပေါက်မှုရှိ၊ မရှိ ရေကင်းများချထားပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စောင့်ကြည့်လျက်ရှိသည်။
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးမှုကြောင့် ကားလိုင်း များလည်း ပိတ်ထား ရကြောင်း သိရသည်။ လက်ရှိတွင် ကလေး – ဖလမ်း – ဟားခါးကား လိုင်း၊ ဟားခါး – ဂန့်ဂေါ – မန္တလေး၊ ကလေး – ဂန့်ဂေါ – မန္တလေး၊ ကလေး – တီးတိန်ကားလမ်းများ မှာလည်း ယာယီပိတ်ထား ရကြောင်း ကားဂိတ်များမှ စုံစမ်းသိရှိရသည်။
ဟားခါးမှ ရန်ကုန်သို့ အစည်းအဝေးလာတက်ရောက်သည့် ဆလိုင်းပါအုပ်က “ကျွန်တော် ဟားခါး ကနေ လာတုန်းကတော့ အဆင်ပြေသေးတယ်။ အစည်းအဝေးပြီးတော့ ဟားခါး ပြန်မယ်လုပ်တော့ ကားလိုင်းတွေက မဆွဲတော့ဘူး။ မန္တလေး အထိပဲသွား လို့ရတယ်။ မန္တလေးကနေပဲ အခြေအနေ စောင့်ကြည့်ရတော့မယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ယခင်နှစ်များထက်ပိုမိုမိုးရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံ၊ မြေပြိုမှုများဖြစ်ပေါ်နေပြီး လူသေဆုံးမှုများရှိကာ လူသိန်းချီ၍ ဘေးဒုက္ခ ကျရာက်လျက်ရှိသည်။







