မင်းတပ်မြို့အနီးရှိ ထင်ချောင်းရွာကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး

မင်းတပ်မြို့အနီးရှိ ထင်ချောင်းရွာကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီး
Photo By CJ
Photo By CJ

မင်းတပ်မြို့အောက်ဘက် ၁၀ မိုင်ဝန်းကျင်ခန့်အကွာ ချင်းပြည်နယ်အတွင်းရှိ ထင်ချောင်းရွာထဲသို့ မေလ ၃၀ ရက်နေ့မှာ  စစ်ကော်မရှင်တပ်နှင့် ပျူစောထီးများ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များနှင့် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ကို မီးရှို့ဖျက်ဆီးနေကြကြောင်း ဒေသခံများထံကနေ ကြားသိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် လက်ရှိတွင် ထင်ချောင်းရွာထဲအပြင် စေတီကုန်း၊ ကြက်ဥတင်သွားသည့် လမ်းဆုံ၊ တံတားအနီးနှင့် စံရွာဘက်သို့သွားသည့် လမ်းဆုံနေရာများတွင် ဖြန့်ကြက်နေရာယူထားကြတယ်လို့ ဆိုပါတယ်။

မြေပြင်စစ်ကြောင်း လှုပ်ရှားမှုနောက်ဆက်တွဲအနေဖြင့် မေလ ၂၉ ရက်နေ့တွင် ကျောက်ထု အမတ (၃၆၈) တပ်မှ ထွက်လာသော စစ်ကော်မရှင်စစ်ကြောင်း၏ ရှေ့ပွိုင့်များသည် မင်းတပ်-ယောအစပ်ရှိ နယ်ခြားစံတောင်ရိုး တောထဲသို့ ရောက်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် မေလ ၂၉ ရက် ညပိုင်းတွင်လည်း ကျောက်ထုတပ်တွင်းမှ အင်အားအချို့ သန်းဦးချောက်ဘက်သို့ ထပ်မံထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

ယခင်ရက်က ကျောက်ထုတပ်မှ တောင်ဘက်သို့ ထွက်ခွာသွားသည့် အင်အား ၃၀၀ ခန့်ပါဝင်သော စစ်ကြောင်းမှာမူ လက်ရှိတွင် ကျောက်စစ်ရွာနှင့် ကံချောင်းရွာထဲသို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ အဆိုပါစစ်ကြောင်းသည် လမ်းခရီးအတွင်း ပြည်သူပိုင် ဖောကား ၂ စီးနှင့် အိမ်စီးကား ၂ စီးတို့ကိုလည်း ဖမ်းဆီးယူဆောင်ထားကြောင်း ကနဦး ကြားသိရပါတယ်။

ယခု စစ်ကော်မရှင်တပ်များ အလုံးအရင်းနှင့် စစ်ကြောင်းထိုးနေသည့် ချင်းပြည်နယ်တောင်ပိုင်းနှင့် ယောဒေသ (ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု) နယ်စပ်တစ်ကြောသည် ပြည်သူ့ခုခံစစ် စတင်ကတည်းက ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CDF များ၊ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) နှင့် ယောဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (YDF) တို့အကြား စစ်ရေးအရ အပြန်အလှန် ဗျူဟာမြောက် ချိတ်ဆက် အားကောင်းသည့် နယ်မြေတစ်ခု ဖြစ်ပါတယ်။ စစ်ကော်မရှင်အနေဖြင့် ချင်းတောင်တန်းပေါ်ရှိ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့များသို့ မြေပြင်ကနေ ရိက္ခာနှင့် အင်အားဖြည့်တင်းရန်အတွက် မကွေးတိုင်း ယောဒေသဘက်က လမ်းကြောင်းများကို မဖြစ်မနေ အသုံးပြုရလေ့ရှိပါတယ်။

သို့သော်လည်း ယော-ချင်းနယ်စပ် လမ်းကြောင်းတစ်လျှောက်တွင် ဒေသခံ ပူးပေါင်းတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုများနှင့် ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကော်မရှင်တပ်များသည် မြေပြင်တွင် အမြဲတမ်း အထိနာလေ့ရှိပြီး လအတော်ကြာ စစ်ကြောင်းမထိုးနိုင်ဘဲ လမ်းကြောင်းများ ပြတ်တောက်နေခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်ရင်း အမတ (၃၆၈) သည် စစ်ကော်မရှင်အတွက် ယောနယ်တောင်ပိုင်းနှင့် ချင်းတောင်တန်းကို လက်နက်ကြီးပစ်ကူပေးရန်နှင့် စစ်ကြောင်းများ ဖြန့်ကြက်ရန် အဓိက အချက်အချာကျသည့် ဗဟိုချက်တစ်ခုလည်း ဖြစ်ပါတယ်။

Photo By CJ 

June 1, 2026
ကလေးမြို့နယ် ပညာရေးမှူးရုံးမှာ ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ အသက် ၁၅ နှစ်အောက် ကလေးများ...
May 30, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်မှာ လူမရှိနေအိမ်တွေကို မသမာသူလူတစ်စုက...
May 29, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှာ ယာယီဖွင့်လှစ်ထားရတဲ့...
May 26, 2026
တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောဒေသ တောင်ပိုင်းက ဒေသခံပြည်သူတွေအနေဖြင့်...