ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ စစ်ကောင်စီတပ်အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ဆိုင်ထားပြီး ထိတွေ့တိုက်ပွဲတွေဖြစ်နေတာ ၁၀ ရက်ဝန်းကျင် ရှိလာပြီဖြစ်ကာ ခုခံစစ်အတွက် ရန်ပုံငွေ ထောက်ပံ့ကူညီကြဖို့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အတွင်းရေးမှူး ဆလိုင်းယောမာန်က ၎င်းရဲ့လူမှုကွန်ရက်ကတဆင့် တိုက်တွန်းနှိုးဆော်ထားပါတယ်။
လက်ရှိ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တွေက အရပ်ဘက်၊ စစ်ဘက်ပစ်မှတ်တွေကို စစ်ကောင်စီဘက်က မနားတမ်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။
“လက်ရှိမှာ စကမတွေ ရှေ့ဆက်မတိုးနိုင်အောင် တားထားနိုင်ပေမဲ့လည်း နောက်ထပ် စစ်ကူအင်အား (၁,၀၀၀) ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်မဲ့၊ ပြင်းထန်မဲ့သဘော ရှိပါတယ်” လို့ မြေပြင်စစ်ရေးအခြေအနေကို ဆလိုင်းယောမာန်က ပြောပါတယ်။
ရှေ့တန်းစစ်မြေပြင်မှာ အလိုအပ်ဆုံးအရာတွေကိုလည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ မေးမြန်းစုံစမ်းထားလျက်ရှိပြီး ကူညီဖြည့်တင်းပေးနိုင်ဖို့နဲ့ ရဲဘော်တွေ ဆေးကုသတဲ့အခါ လိုအပ်တဲ့ အရာတွေကို ဝယ်ယူဖြည့်တင်းဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်နယ် တောင်ပိုင်းနဲ့ ချင်း - မကွေးအစပ်တို့က လက်ရှိစစ်ဆင်ရေး ကုန်ကျစရိတ် ပဏာမလျာထားချက်ဟာ သိန်းသောင်းနဲ့ချီ ရှိနိုင်တယ်လို့လည်း ဆလိုင်းယောမာန်က ပြောပါတယ်။
အလှူငွေတွေကို လုံခြုံရေးအရ NUG Pay နဲ့ SDB တို့ဖြင့် အဓိက လက်ခံသွားမှာဖြစ်ပြီး လှူဒါန်းလိုသူတွေအနေနဲ့ Chat Box (CB) ကနေတစ်ဆင့် ဆက်သွယ်ပေးကြဖို့နဲ့ အလှူငွေတွေကို လိုအပ်တဲ့နေရာမှာ တက်နိုင်သလောက် ဖြည့်စွက်သွားချင်လို့ အခုလို အလှူခံရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဂုဏ်ပြုမှတမ်း ယူမဲ့သူတွေအတွက်လည်း ဂုဏ်ပြုမှတ်တမ်းတွေ ထုတ်ပေးမှာဖြစ်ပြီး ဂုဏ်ပြုမှတ်တမ်းနဲ့ လက်ခံရရှိငွေတွေကိုတော့ အဖွဲ့အစည်းကို အပ်မှာဖြစ်ပြီး အဖွဲ့အစည်းကပဲ ငွေကြေးကို စီမံခန့်ခွဲမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
CPU/ CPA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့တွေကို မေလ ၁၁ ရက်မှ ၂၂ ရက်အထိ ၁၀ ရက်တာအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ရာ မွေးကင်းစ ၄ရက်သား ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့အရပ်သား အမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPU/ CPA) ကထုတ်ပြန်ထားပါတယ်။







