လင်းရောင်ခြည်ဖောင်ဒေးရှင်းက စစ်ရှောင်ကျောင်းသား ၂,ဝဝဝ ခန့်ကို အခမဲ့သင်ပေးမည်

လင်းရောင်ခြည်ဖောင်ဒေးရှင်းက စစ်ရှောင်ကျောင်းသား ၂,ဝဝဝ ခန့်ကို အခမဲ့သင်ပေးမည်
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။

မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်အတွင်း စစ်ရှောင်ကျောင်းသူ၊ ကျောင်းသား ၂,ဝဝဝ ခန့်ကို အခမဲ့ပညာသင်ကြားပေးသွားမည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် KG မှ Grade – 8 အထိ ကျောင်းသူ၊ ကျောင်းသား ၂,ဝဝဝ ခန့်ကို လက်ခံသင်ကြားပေးသွားမည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ကိုမောင်နှင်းအေးက နိရဉ္စရာကို ပြောသည်။

“အဓိက ရည်ရွယ်တာကတော့ အခက်အခဲဖြစ်နေတဲ့ စစ်ရှောင်စခန်းတွေမှာပဲ ကျောင်းကို ဖွင့်ထားတာပါ။ စစ်ရှောင်စခန်းမှာရှိတဲ့ကလေးတွေ ဘယ်မြို့နယ်ကမဆို တက်လို့တော့ ရပါတယ်။ ဘယ်မြို့နယ်ကစစ်ရှောင်ပဲဖြစ်ဖြစ် တစ်ခုမှ ခွဲခြားတဲ့ပုံစံမျိုးတော့ မရှိပါဘူး”ဟု ပြောသည်။

အဆိုပါကျောင်းသူ၊ ကျောင်းသားများကို ယခုလာမည့် ဇူလိုင်လအစောပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံနိုင်ရန် စီစဉ်နေကြသည်ဟုလည်း ဆိုသည်။

အဆိုပါဖောင်ဒေးရှင်းတွင် Graed – 9 မှ Grade – 12 အထိ အတန်းကြီးများကိုပါ လက်ခံသင်ကြားပေးလိုသော်လည်း ကျွမ်းကျင်သည့်ဆရာ၊ ဆရာမနှင့် ငွေကြေးအင်အား မလိုက်နိုင်ဖြစ်နေသည်ဟု သိရသည်။

စေတနာရှင်၊ အလှူရှင်များ၏ ထောက်ပံ့ကူညီငွေများနှင့် စာရေးကိရိယာများလည်း လိုအပ်နေသည်ဟု သိရသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းသည် ပြီးခဲ့သည့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်မှစတင်ကာ ရခိုင်မှ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများကို နှစ်စဉ် အခမဲ့ ပညာသင်ကြားပေးခဲ့ခြင်းဖြစ်သည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ကိုမောင်နှင်းအေးက “စလို့လုပ်လာတဲ့ရည်ရွယ်ချက်ကတော့ အဲဒီတုန်းက ကလေးတွေဟာ အချိန်တွေ အလဟသကုန်နေကြတယ်။ တစ်ဘက်မှာ စိတ်တွေ လည်နေကြတယ်။ ပညာရေးကွင်းဆက်တစ်ခုဟာ အဲဒီတုန်းက ပြတ်တောက်နေတယ်လေ။ စစ်ပွဲအပေါ်မှာပဲ အာရုံရောက်နေကြတယ်။ တစ်ဘက်မှာ ဒီစစ်ဘေးရှောင်တွေလည်း နေသားမကျကြသေးဘူး။ အဲလိုအခြေအနေပါ။ အဲလိုအခြေအနေမှာ အဓိက တိုက်ပွဲဧရိယာထဲမှာ ရှိနေပါစေ။ တိုက်ပွဲဖြစ်နေတဲ့ကာလဖြစ်ပါစေ။ ပညာသင်ချင်တဲ့ကလေးတွေအနေနဲ့ ပညာသင်ခွင့်ရှိမယ်။ အဲဒါဟာ ကျနော်တို့ အာရက္ခဒေအတွက် Generation (မျိုးဆက်သစ်)တွေအတွက်လည်း ဒါဟာ အရေးပါတယ်ပေါ့။ ဒါဟာ ပညာရေးကွင်းဆက်တစ်ခုဟာ ပြတ်တောက်သွားလို့မရဘူး။ အဲလိုရည်ရွယ်ချက်တွေနဲ့၊ အဲလိုခံယူချက်မျိုးတွေနဲ့ ကျနော်တို့ဟာ ကျောင်းတွေ လည်ပတ်ခဲ့တာပါ”ဟု ပြောသည်။

အဆိုပါဖောင်ဒေးရှင်းသည် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် စစ်ရှောင်ကျောင်းသူ၊ ကျောင်းသား ၁၂ဝဝ ကျော်နှင့် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်တွင် စစ်ရှောင်ကျောင်းသူ၊ ကျောင်းသား ၁၆ဝဝ ကျော်ကို ပညာအခမဲ့သင်ပေးနိုင်ခဲ့သည်ဟု သိရသည်။

Most read this week

August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...