ငြိမ်းချမ်းရေးဖိတ်ခေါ်ချိန် မြို့နယ် ၅၀ ကျော်ကို အရေးပေါ်အခြေအနေကြေညာ

ငြိမ်းချမ်းရေးဖိတ်ခေါ်ချိန် မြို့နယ် ၅၀ ကျော်ကို အရေးပေါ်အခြေအနေကြေညာ

စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ဧပြီလ ၂၄ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

ထိုသို့ အရေးပေါ်အခြေအနေ ကြေညာခံရသည့် မြို့နယ်များထဲတွင် “၁၀၂၇ စစ်ဆင်ရေး” အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သိမ်းပိုက်ထားသည့် သျှမ်းမြောက်ဒေသရှိ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ နှင့် အထူးဒေသ (၄) မိုင်းလားမြို့နယ်တို့ ပါဝင်နေသည်။

အရပ်ဝတ်အသွင်ပြောင်း စစ်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက EAOs အားလုံးကို လာမည့် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ရက်ပေါင်း (၁၀၀) အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဧပြီလ ၂၁ ရက်က ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

သို့သော် ဖိတ်ခေါ်ပြီး ၃ ရက်အကြာတွင် ယခုကဲ့သို့ အရေးပေါ်အခြေအနေ ထုတ်ပြန်လာခြင်း ဖြစ်သည်။

“အခုမင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ သျှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးကို စစ်ကြေညာလိုက်တာပါပဲ” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းမြောက်ဒေသခံတစ်ဦးကတော့ ယခုကြေညာချက်သည် လက်တွေ့မကျဘဲ စာရွက်ပေါ်တွင်သာ နယ်မြေစိုးမိုးကြောင်း ပြသလိုခြင်းဖြစ်ကြောင်း ပြောသည်။

“ဟိုတုန်းကလည်း အခုလိုမျိုး ထုတ်ပြန်ဖူးပါတယ်။ ဒါက မဖြစ်နိုင်ပါဘူး။ လားရှိုးကို ပြန်ရဖို့ ကြိုးစားစဉ်ကလည်း သီပေါ၊ ကျောက်မဲ၊ နောင်ချို တို့အတွက် အခုလိုပဲ ထုတ်ပြန်ခဲ့တာပဲ။ သူတို့အနေနဲ့ အဲဒီနယ်မြေတွေဟာ သူတို့ပိုင်နက် ဖြစ်ပါတယ်ဆိုတာကို အတိအလင်း ကြေညာချင်တဲ့ သဘောလို့ပဲ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီ၊ UWSA၊ MNDAA နှင့် SSPP တို့ကို လားရှိုးမြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုအပြီးတွင် စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် အရေးပေါ်အခြေအနေ ကြေညာမှုတို့ကို ဆက်တိုက်လုပ်ဆောင်လာခြင်း ဖြစ်သည်။

“မင်းအောင်လှိုင်က ထရမ့်လိုပဲ သူ့အကြိုက် သူဖြစ်ချင်တာကိုပဲ ဇွတ်လုပ်မယ့် သူပါ။ သူ့ထက်ပိုဆိုးတဲ့ ကာကွယ်ရေး ဦးစီးချုပ်အသစ်နဲ့ ပေါင်းလိုက်ရင်တော့ စစ်ပွဲတွေ ပိုများလာဖို့ပဲ ရှိပါတယ်” ဟု စိုင်းဝမ်းစိုင်းက ထပ်လောင်းပြောသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွင် EAOs များကို အုပ်စုသုံးစုခွဲ၍ ဖိတ်ခေါ်ထားသော်လည်း တော်လှန်ရေးအင်အားစု (PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကိုမူ ဖိတ်ခေါ်ထားခြင်း မရှိကြောင်း တွေ့ရသည်။

Most read this week

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...