ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူ လူနာပေါင်း ၁,၇၀၀ ကျော်ကို အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် လူနာပေါင်း ၂ဝဝ ကျော်နှင့် မတ်လနှင့် ဧပြီလတို့တွင် လူနာပေါင်း ၁,၅ဝဝ ခန့်ကို အခမဲ့ဆေးဝါးကုသပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဆေးခန်းတာဝန်ရှိသူများက နိရဉ္စရာကို ပြောသည်။
ယခုကဲ့သို့ အခမဲ့ကုသပေးနိုင်ခဲ့သည့်အတွက် အတိုင်းမသိဝမ်းသာမိကြောင်း အဆိုပါဆေးခန်းတည်ထောင်သူ ရခိုင်အဆိုတော် R ကြီးက နိရဉ္စရာကို ပြောသည်။
"ကျနော်တို့ဆေးခန်းကနေပြီးတော့မှ ဆေးလာကုတဲ့သူတွေထဲမှာ စစ်ရှောင်ပြည်သူတွေထဲက ပိုက်ဆံမတတ်နိုင်တဲ့သူတွေကို ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ အလှူငွေတွေထဲက တဆင့်ပြန်လှူပေးတာတွေရှိတယ်။ စားနပ်ရိက္ခာတွေ၊ အလှူငွေတွေသော်လည်းကောင်း၊ အဲလိုမျိုး ပြန်ပြီးတော့လှူပေးတာတွေရှိတယ်။ ကျနော့်အနေနဲ့ စစ်ရေး၊ နိုင်ငံရေးကြားမှာ ခုလိုမျိုးပါဝင်ပြီးတော့မှ ကိုယ်နိုင်သလောက် "ပရဟိတ" ကိစ္စတွေကိုလုပ်ဆောင်ခွင့်ရလို့လည်း အတိုင်းမသိဝမ်းသာမိပါတယ်" ဟု ပြောသည်။
စစ်ဘေးရှောင်များတွင်အဖြစ်များသည့် အရေပြားယားနာ၊ ဝမ်းလျှော ဝမ်းပျက်၊ ရာသီတုပ်ကွေးနှင့် တခြားရာသီအလိုက်ဖြစ်လေ့ဖြစ်ထရှိသည့်ရောဂါများကို နိုင်သလောက် အတတ်နိုင်ဆုံးကုသပေးခဲ့ရပြီး လက်ရှိလည်း ကုသပေးနေကြောင်း သိရသည်။
စစ်ရေး၊ နိုင်ငံရေးအခြေအနေကြားတွင် အခက်အခဲမိနေကြသည့် စစ်ရှောင်ပြည်သူတို့ကို အဓိကထား၍ ကျန်းမာရေးစောင့်ရှောက်မှုများကို အသက်သာဆုံးနှုန်းနှင့် ကုသပေးနေသည့်အပြင် ပရဟိတဆေးခန်းဖြစ်သည့်အတွက် ပြည်သူတို့ကို အခကြေးငွေမယူဘဲ ကုသပေးနေကြောင်းလည်း R ကြီးက ဆိုသည်။
အဆိုပါဆေးခန်းကို ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် သီးခြားစီတည်ဆောက်ပြီး လူနာများကို အခမဲ့ကုသပေးနေခြင်းဖြစ်သည်။
R ကြီးက "ကျနော်တို့ ဆေးခန်း နှစ်ခန်းပေါ့နော်။ တစ်လ တစ်လကုန်ကျမှု သိန်းခုနစ်ရာကျော်လောက် လိုအပ်တယ်ဆိုတာကတော့ လက်ရှိကတော့ ကျနော်တို့မြေပြင်အနေအထားမှာ စေတနာ့ဝန်ထမ်းတွေရှိတယ်။ ဆေးခန်းနှစ်ခန်းမှာ စေတနာ့ဝန်ထမ်းက အယောက်နှစ်ဆယ်လောက်ရှိတယ်။ သူတို့တွေရဲ့စားစရိတ်နဲ့ သောက်စရိတ်တွေ၊ ဆေးလာကုတဲ့ပြည်သူတွေကို ပြန်ပြီးတော့မှ လှူဒါန်းရတာတွေနဲ့ နောက်ပြီးတော့ ဆေးဝါးလမ်းကြောင်းပေါ့နော်။ ဟိုဘက်ဆေးခန်း၊ ဒီဘက်ဆေးခန်း။ ဆေးဝါးတွေကိုပို့တဲ့အချိန်မှာ ကုန်ကျစရိတ်တွေ၊ ဆေးခန်းတည်ဆောက်ရေးစရိတ်တွေကအစပေါ့နော်။ ကျနော်တို့အများကြီးလုပ်ယူ၊ ကြိုးစားပြီးတော့မှ လုပ်နေရတဲ့အနေအထားမှာ ကုန်ကျမှုကတော့ တစ်လကို သိန်း ၇၀၀ လောက်ကို ခန့်မှန်းလို့ရတယ်"ဟု ပြောသည်။
အဆိုပါဆေးခန်းကို ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏အလှူငွေများနှင့် ရပ်တည်နေခြင်းဖြစ်၍ အလှူငွေပြတ်လပ်သည့်အချိန် အရေးပေါ်အခြေအနေများတွင် ကုသရေးပိုင်းနှင့်ပတ်သက်၍ လူနာရှင်နှင့်ညှိနှိုင်းပြီး လက်ကျန်ဆေးဝါးနှင့် အတတ်နိုင်ဆုံးကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနေကြောင်း သိရသည်။
၎င်းအပြင် ဆေးဝါးပြတ်လပ်နေသည့်အချိန်နှင့် လမ်းကြောင်းပိတ်ဆို့မှုကြောင့် ဆေးဝါးမှာယူ၍မရသည့်အချိန်တို့တွင် အဆိုပါဆေးခန်း၌ ကုသ၍မရနိုင်သည့် ရောဂါရှင်လူနာများကို ကုသ၍ ရနိုင်သည့်နေရာများသို့စေလွှတ်နေရသည်ဟုလည်း သိရသည်။







