ဖရူဆိုအရှေ့ခြမ်း စက်သုံးဆီပြတ်လပ်၍ သောက်သုံးရေပြဿနာတွေ ပိုတိုးလာ

ဖရူဆိုအရှေ့ခြမ်း စက်သုံးဆီပြတ်လပ်၍ သောက်သုံးရေပြဿနာတွေ ပိုတိုးလာ

သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင် နိုင်ငံတော်တော်များများဟာ ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြချိန်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းက ဒေသခံတွေကတော့ ဆီပြတ်လပ်မှုနောက်ဆက်တွဲအနေနဲ့ ရေရှားတဲ့ပြဿနာကို ပိုတိုးပြီး ရင်ဆိုင်နေကြရပါတယ်။

နှစ်စဉ်နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အဲ့ဒီဒေသဟာ ဝေးလံတဲ့ ရေအရင်းအမြစ်ရှိရာကို သွားရောက် ခပ်ယူကြရတာပါ။ ရေခပ်ယူဖို့အတွက် ဆိုင်ကယ် ဒါမှမဟုတ် ထော်လာဂျီ၊ ကား တွေအသုံးပြုပြီး အနည်းဆုံး ၁နာရီ ကြာအောင် သွားရတာကြောင့် စက်သုံးဆီတွေ စျေးတက်ပြီး၊ ဝယ်မရတဲ့အထိပြတ်လပ်လာတဲ့အချိန်မှာ ဒုက္ခတွေက ပိုတိုးလာတာပါ။

"ကျမတို့ ရေသွားခပ်ဖို့ ဆိုတာက ဓာတ်ဆီစျေးနှုန်း အရမ်းကြီး စျေးတက်နေတော့၊ ကျမတို့ မဝယ်နိုင်တော့ ခက်ခဲနေတာပေါ့နော" လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆီစျေးတွေတက်နေတာကြောင့်လည်း ရေသယ်ယူစရိတ်တွေက ပိုများလာနေပါတယ်။ အဆိုပါဒေသခံမှာ စစ်ဘေးရှောင်နေတဲ့ လူထုတွေလည်းရှိနေပြီး ရေ အတွက် ကုန်ကျစရိတ်တွေများတာကြောင့် အခက်ကြုံနေကြတာပါ။

ဖရူဆိုမြို့နယ် အရှေ့ဘက်က ဒေသခံတွေ၊ စစ်ဘေးရှောင်တွေဟာ ကျေးရွာကနေ ရေအရင်းအမြစ်ဆီကို ရောက်ဖို့ ခြေလျင်ခရီးက အသွားတကြောင်းအတွက် အချိန် ၃ နာရီကြာပါတယ်။

လက်ရှိ ဓါတ်ဆီ လီတာ ၂၀ ဆန့် ပုံးဝါတစ်ပုံးကို ကျပ် ၁သိန်း ၄သောင်း ပေါက်စျေးရှိပြီး ဒီဇယ်၂၀လီတာ ဆန့် ပုံးဝါ တစ်ပုံးကို ၁သိန်းခွဲ ကျပ် ပေါက်စျေးရှိနေပါတယ်။ ဒီလိုစျေးနှုန်းတွေရှိနေပေမယ့် လိုချင်တဲ့ ပမာဏအတိုင်း ဆီကို ဝယ်ယူလို့မရသေးဘူးလို့ ဆိုပါတယ်။

ဒီလိုအခက်အခဲတွေကြား ရေရရှိဖို့ ကြိုးစားတဲ့ အခါမှာလည်း စစ်ကော်မရှင်တပ်ရဲ့ ရန်ကိုလည်း သတိထားရပါသေးတယ်။ တချို့ရေအရင်းအမြစ်တွေရှိရာနေရာတွေကိုလည်း စစ်ကော်မရှင်တပ်က အသုံးပြုနေတာရှိသလို၊ စစ်ကြောင်းထိုးတာ၊ တပ်စွဲထားတာတွေကြောင့်လည်း ရွေးချယ်စရာ ရေအရင်းအမြစ်တွေ ပိုနည်းလာပါတယ်။

လမ်းခရီးဝေးလံတာကြောင့် ကိုယ်တိုင် ရေသွားမခပ်ယူနိုင်သူတွေဟာ ရေကိုတဆင့် ပြန်ဝယ်သုံးနေကြရပါတယ်။ ၅ ဂါလံ တစ်ပုံးအတွက် ကျပ် ၂၀၀၀ ၊ တစ်ထောင်လီတာဆံ့ ရေတိုင်ဂီပုံး အတွက် ကျပ် ၅၀၀၀၀ အထိ ဝယ်ယူသုံးစွဲနေရပါတယ်။ နေရာဒေသအပေါ်မူတည်ပြီး စျေးကွားခြားမှုလည်း ရှိနေပါတယ်။

“ အခုရေဝယ်သုံးနေရတယ်။ ဒီတနှစ်က အလှူရှင်ကမရောက်ဘူး။ ကံကောင်းချင်တော့ ပြီးခဲ့တဲ့ တခေါက် နှစ်ခေါက် မိုးရွာထားတော့ ရေရတယ်။ အခုရေပြန်ခပ်နေရပြီ။” လို့ ဖရူဆို ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

ယခင်အာဏာမသိမ်းခင်ကာလနဲ့ အာဏာသိမ်းပြီး လမ်းခရီးပေါက်ရောက် နိုင်နေဆဲကာလတွေမှာတော့ လူမှုအသင်းအဖွဲ့တွေ၊ ရေအလှူရှင်တွေက လာရောက် လှူဒါန်းပေးတာတွေရှိခဲ့ပေမဲ့ လက်ရှိစစ်ရေးအခြေအနေတွေကြောင့် အလှူရှင်တွေ လာရောက်တာမရှိတော့ဘူးလို့ ဆိုပါတယ်။

လက်ရှိ ပူပြင်းတဲ့ နွေရဲ့ အပူရှိန်ကြောင့် ကလေးငယ်တွေမှာ ဖျားနာနေကြသူတွေ ရှိတယ်လို့လည်း စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

"လက်ရှိမှာတော့ ဝမ်းပျက်၊ ဝမ်းလျှောတာမျိုးတွေ မတွေ့သေးပေမယ့် အများအားဖြင့် ဖျားတာ၊ နာတာ၊ ချောင်းဆိုးတာ ကလေးတွေ တော်တော်များများ ရှိနေတယ်" လို့ သူက ပြောပါတယ်။

လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို -ဘောလခဲ-ဖားဆောင်း ကို ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးကို စစ်ကော်မရှင်တပ်တွေ ပြန်လည်ထိန်းချုပ်ထားတာကြောင့် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အချိန်မရွေး စစ်ရေးလှုပ်ရှားမှုတွေ ၊ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ ဖရူဆိုဒေသခံလူထုနဲ့ စစ်ဘေးရှောင် ဦးရေ ၁၅၀၀၀ နီးပါးဟာ သောက်သုံးရေ ရှားပါးမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရပါတယ်။

April 1, 2026
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျတာ၊ အစုလိုက်သေဆုံးတာတွေကို ရာသီဥတုအကူးအပြောင်းကာလမှာ...
March 31, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဓာတ်ဆီ တစ်လီတာကို ကျပ်တစ်သောင်းအထိ စျေးမြင့်တက်လာတယ်လို့...
March 30, 2026
စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြစ်တဲ့ MPT...
March 28, 2026
စက်သုံးဆီ မြှင့်တက်လာမှုကြောင့် ကရင်နီပြည် ၊ နန်းမယ်ခုံမြို့နယ်အတွင်းရှိ တောင်သူများ...