ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေ ပြန်စတင်

ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေ ပြန်စတင်

ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်နေ့ကစပြီး လေကြောင်းလိုင်းတချို့က ပြန်ပြေးဆွဲပေးတော့မယ်လို့ လေယာဉ်လက်မှတ်ရောင်းချသူတွေဆီက သိရပါတယ်။

ဒါပေမဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကိုပြေးဆွဲမယ့် ခရီးစဉ်တွေကိုတော့ မတွေ့ရပါဘူး။ မြစ်ကြီးနားလေဆိပ်ဟာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ခရီးသည်တင် လေယာဉ် ဒရုန်းနဲ့တိုက်ခိုက်ခံရကတည်းက ပိတ်ထားတာ တစ်လကျော်ခဲ့ပြီလည်း ဖြစ်ပါတယ်။

လေယာဉ်ဆီအခက်အခဲကြောင့် ပြည်ပခရီးစဉ်တွေအတွက် ကုန်စည်သယ်ယူခွင့်ပမာဏကို လေကြောင်းလိုင်း တချို့က မတ်လ ၁၉ ရက်နေ့မှာ စကန့်သတ်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာတော့ ပြည်တွင်းမှာပြေးဆွဲနေတဲ့ ခရီးစဉ်တွေကိုပါ လေကြောင်းလိုင်းတွေက ဆက်တိုက်ဖျက်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်တွင်းခရီးစဉ်တချို့ကို လေကြောင်းလိုင်းတချို့က ပြန်ပြေးဆွဲပေးတော့မှာ ဖြစ်တယ်လို့ လက်မှတ်အရောင်းဌာနတချို့က ပြောဆိုရေးသားခဲ့ကြတာပါ။

"မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) ရဲ့ ပြည်တွင်း၊ ပြည်ပခရီးစဉ် အားလုံးကို အဆင်ပြေချောမွေ့စွာနဲ့ ပုံမှန်အတိုင်း ပျံသန်းပြေးဆွဲပေးနေပြီ ဖြစ်ပါတယ်" လို့ Oway ခရီးသွားဝန်ဆောင်မှုကုမ္ပဏီက ရေးသားခဲ့ပါတယ်။

MNA နဲ့ MAI ရဲ့ ဝက်ဘ်ဆိုဒ်ထဲမှာ ဖော်ပြထားတဲ့ လက်မှတ်ဝယ်ယူမှု အချက်အလက်တွေအရ ရန်ကုန် - မန္တလေး အသွားအပြန်ခရီးစဉ်တွေအတွက် မတ် ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့အတွက် ခရီးစဉ်တွေကို ဖော်ပြထားပါတယ်။

MNA အပြင် Myanmar Airways International (MAI)၊ Mann Yadanarpon Airline တို့လည်း ပြန်ပြေးဆွဲတော့မှာဖြစ်ပြီး လက်မှတ်တွေလည်းဝယ်ယူနိုင်ပြီလို့ လေယာဉ်လက်မှတ် ရောင်းချတဲ့သူ တချို့က အသီးသီး အသိပေးထားကြပါတယ်။

ဒါပေမဲ့ အဲဒီခရီးစဉ်တွေဟာ ဘယ်အချိန်ထိပြေးဆွဲပေးမလဲဆိုတာနဲ့ လေကြောင်းလိုင်းတွေကို လေယာဉ်ဆီပေးနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မပြုလုပ်ထားပါဘူး။

လက်ရှိ အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အစ္စရေး၊ အမေရိကန်နဲ့ အီရန်တို့ရဲ့ ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးတွေမြင့်တက်လာပြီး ကမ္ဘာ့အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ စက်သုံးဆီ ရှားပါးမှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...