ဖလမ်းမှာ ၄ လအတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံး

ဖလမ်းမှာ ၄ လအတွင်း လေကြောင်းတိုက်ခိုက်ခံရ၍ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းမှာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေမှာ စစ်ကောင်မရှင်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို အဓိက အသုံးပြုနေပြီး လေးလတာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၅၀၀ ကျော်အထိ ရှိခဲ့ကာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ ချင်းရေးရာအဖွဲ့ (ICA) ရဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကောက်ယူထားတဲ့ အစီရင်ခံစာကို မတ်လ (၉) ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

အစီရင်ခံစာမှာ ဖော်ပြထားချက်အရ ဇန်နဝါရီ ၂၀၂၆ အတွင်းမှာ လေကြောင်းအသုံးပြုမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့ပြီး ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ Suicide Drone အသုံးပြုတာတွေအပြင် နေရာအချို့မှာ တစ်နေ့တည်းတင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ စစ်ကော်မရှင်ဘက်က မြေပြင်စစ်ဆင်ရေးထက် အဝေးထိန်းစနစ်သုံး စစ်ရေးမဟာဗျူဟာကို ပိုမိုတိုးမြှင့် သုံးစွဲလာတာကို ပြသနေတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။

ဖလမ်းမြို့နယ်အတွင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်မရှင်စစ်ကြောင်းတွေ ရှေ့မတိုးနိုင်တဲ့အခါ မြေပြင်တပ်တွေက ကတုပ်ကျင်းတွေတူးပြီး အခိုင်အမာ တပ်စွဲထားကြရသလို၊ မြန်မာလေတပ်ကလည်း သူတို့ဆီကို နေ့စဉ်နီးပါး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ ပို့ဆောင်ပေးနေရတာ ဖြစ်ပါတယ်။

အထူးသဖြင့် ဖလမ်းမြို့အနီးက ဆုရ်ဘုန် (Surbung) လေဆိပ်ကို အသုံးချနိုင်ဖို့အတွက် ဒီစစ်ဆင်ရေးကို စစ်ကော်မရှင်ဘက်က အရေးပါတဲ့ မဟာဗျူဟာတစ်ခုအဖြစ် သတ်မှတ်ထားပုံရတယ်လို့လည်း ICA ရဲ့အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို၊ အရပ်သားပြည်သူတွေလည်း အပြင်းအထန် ထိခိုက်နစ်နာနေကြရပါတယ်။ 

အစီရင်ခံစာအရ ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကာ ကျောင်း၊ ဆေးရုံနဲ့ ဘုရားကျောင်းတွေအနီး ပစ်ခတ်မှုတွေကြောင့် လူနေအိမ်အပါအဝင် အဆောက်အဦ ၆၀ ကျော် ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် ကလေး-သိုင်းငင်းနဲ့ ကလေး-ဝေဘူလ လမ်းဘေးတစ်လျှောက်က ကျေးရွာပေါင်း ၃၄ ရွာက ဒေသခံတွေဟာလည်း တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၂၀၀ ကျော် သေဆုံးပြီး ၂၅၀ ကျော် ဒဏ်ရာရရှိခဲ့သလို၊ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ICA က မှတ်တမ်းတင်ထားပါတယ်။

အခုလို လူနေအိမ်တွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အဦတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) ကို လေးစားလိုက်နာမှု မရှိတာကို ပြသနေတယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ 

March 11, 2026
နိုင်ငံတော်အတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့လိုက်လျောမှုတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်သလို...
March 10, 2026
ချင်းပြည်နယ်အတွင်းက ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသ အဖွဲ့အစည်း ၁၆...
March 9, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ လုံဟော့ ( Lunghawh ) ကျေးရွာကို စစ်ကော်မရှင်က မနေ့ မတ်လ ၈ ရက်နေ့က...
March 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာစက်သုံးဆီ အလုအယက် ဝယ်ယူနေကြကာ စက်သုံးဆီဈေးနှုန်းတွေ...