စစ်တွေတွင် အစိုးရအရာရှိများသာမက စစ်ဘက်အရာရှိကြီးများပါ ပြောင်းရွှေ့ရန်လိုလားနေ

စစ်တွေတွင် အစိုးရအရာရှိများသာမက စစ်ဘက်အရာရှိကြီးများပါ ပြောင်းရွှေ့ရန်လိုလားနေ

တိုက်ပွဲများစစ်တွေမြို့အနားထိ နီးကပ်လာသဖြင့် စစ်တွေမြို့တွင်တာဝန်ကျနေသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် အစိုးရ အရာရှိကြီးများသာမက စစ်ဘက်အရာရှိများပါပြောင်းရွှေ့ရန် အထူးလိုလားနေကြသည်ဟု အစိုးရ သတင်းရပ်ကွက်တစ်ခုအရ သိရှိသည်။

“ အခုစစ်တွေမှာတာဝန်ကျနေတဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အရာရှိတွေအကုန်လုံးပြောင်းချင် နေကြတယ်။ တချို့ဆို ရာထူးအချခံပြီးတော့တောင် ပြောင်းမယ်လို့ ပြောတာတွေရှိတယ်။ ပြောင်းရွှေ့ခွင့်ရဖို့ နေပြည်တော်က အရာရှိကြီးတွေ အပူကပ်နေတဲ့ ဝန်ထမ်းတွေလည်း အများကြီးဘဲ။ နည်းလမ်း အမျိုးမျိုးနဲ့ ပြောင်းရွှေ့ဖို့ ချဉ်းကပ်နေကြတယ်”ဟု စစ်တွေမြို့မှ အမည်မဖော်လိုသူ အစိုးရ ဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုသို့ ပြောင်းရွှေ့လိုသူများအထဲတွင် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ရဲအရာရှိကြီးများလည်း ပါဝင်သည်ဟု သိရသည်။

“အကုန်လုံး ဘယ်သူမှ စစ်တွေမှာ မနေချင်တော့ဘူး။ သူတို့က အမ်းတို့၊ ဘူးသီးတောင်တို့မှာ ဖြစ်သွားတာတွေကို မြင်ထားရတော့ စစ်တွေမှာလည်း ဒီလို ဖြစ်လာမှာ အထူးစိုးရိမ်နေကြတယ်။ AA က စစ်တွေကို သိမ်းရင် ပြေးစရာ နေရာမရှိဘူး။ လေကြောင်း တစ်ခုတည်းဘဲရှိတယ်။ နောက်ဆိုရင် လေကြောင်းကလည်း အဆင်မပြေနိုင်တော့ဘူး။  စစ်တပ် အရာရှိကြီးတွေ၊ ရဲအရာရှိကြီးတွေလည်း ပြောင်းချင်လို့ အထက်ကို လာဘ်ထိုးနေတာတွေတောင်ရှိတယ်လို့ ကြားရပါတယ်”ဟု ပြောဆိုသည်။

ထိုသို့ စစ်တွေမှ ပြောင်းရွှေ့လိုသူများပြားနေသဖြင့် စစ်တွေမှ ရန်ကုန်သို့ မည်သည့် ဝန်ထမ်းကို မဆို ခရီးသွားလာခွင့်ကို ခွင့်မပြုဘဲ ကန့်သတ်ထားပြီး ပြည်နယ်အဆင့်နှင့် စရဖတို့မှ ထောက်ခံချက်မပါလျှင် ခရီးသွားခွင့်မပြုဟု သိရှိရသည်။

စစ်တွေမြို့တွင် အစိုးရရုံးများကို ဖွင့်လှစ်ထားသော်လည်း လုပ်ငန်းလည်ပတ်မှု မရှိကြောင်း၊ ရုံးများကို အဖြစ်သဘောဖွင့်ထားကြောင်း၊  တချို့ဝန်ထမ်းများအနေဖြင့် အလုပ်ပြုတ်လျှင် ပြုတ်ပါစေ၊ စစ်တွေကနေ ထွက်ခွာရလျှင် ပြီးပြီဟု သဘောထားနေသည့် ဝန်ထမ်းလည်း အများအပြား ရှိနေကြောင်း စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမြို့မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးက“ စစ်တွေမှာ စစ်ရေးအရ စိုးရိမ်စရာရှိတဲ့ အပြင် လျှပ်စစ်မီးမရဘူး။ ရေပုံမလာဘူး။ ချက်ပြုတ်ရေးက ထင်းနဲ့ မီးသွေးကို သုံးနေရတယ်။ ထင်းနဲ့ မီးသွေးကလည်း ရှာမရဘူး။ကုန်စျေးနှုန်းကလည်း အရမ်းမြင့်တယ်။ ဒီလို အခြေအနေမျိုးမှာ ဘယ်ဝန်ထမ်းမှ စစ်တွေမှာ နေချင်စိတ်မရှိတော့ဘူး။ အကုန်လုံးက ထွက်ခွာချင်နေကြတာ”ဟု ပြောဆိုသည်။

စစ်တွေမြို့အနီးသို တိုက်ပွဲများ နီးကပ်လာသဖြင့် လုံခြုံရေး စိုးရိမ်နေရသဖြင့် စစ်တွေမှာ ထွက်ခွာလိုသော ဝန်ထမ်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိသူများအနေဖြင့် အခြေအနေ ပိုမဆိုးခင် စနစ်တကျဖြင့် ထွက်ခွာခွင့် ပေးသင့်သည်ဟု သူမက ပြောဆိုသည်။

စစ်တွေမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာချိန် စစ်တပ်လက်အောက်ခံဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ ခွင့်ပြု ချက်မရဘဲ လေယာဉ်ပျံ လက်မှတ်ဝယ်ခြင်း၊ နေရပ်ပြန်ခြင်းများ လုံး၀(လုံး၀) မပြုလုပ်ရန် သတိပေးထားကြောင်း သိရသည်။ 

May 12, 2026
- ရခိုင်မှာ ဆရာဝန်လိုအပ်ချက်ကြောင့် ဒေသခံတွေမှာ ကျန်းမာရေးကဏ္ဍ အခက်ကြုံတွေ့ နေကြရပါ တယ်...
May 12, 2026
- လားရှိုးမြို့ကို စစ်အုပ်စုက တစ်နှစ်ကျော်ကြာပြန်လည်ထိန်းချုပ်ထားပေမဲ့  ခိုးဆိုးလုယက်မှုနဲ့...
May 11, 2026
- ဗုံးသီးတွေထုတ်တဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲက ကပစ ၁၆ နားမှာ စစ်တပ်နဲ့ AA...
May 11, 2026
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) လုပ်ဆောင်တဲ့အခါ ငွေသိန်းနဲ့ချီတောင်းခံနေတဲ့...